မနက်စာ ကို ထမင်းကြော်၊ ပဲပြုတ်ထမင်း၊ ကြက်ဥထမင်း စားတတ်ကြသူများအတွက် လိုက်ဖက်ညီသော အတွဲလေး တစ်ခုနဲ့ တွဲပေးချင်ပါတယ်။ ကြက်သွန်ဖြူ သံပုရာငရုတ်သီးထောင်းလေးပါ။ တို့စရာနဲ့လဲ တွဲဖက် စားသုံးလို့ ရပါတယ်။

ကြက်သွန်ဖြူ အစိမ်းကို လတ်လတ်ဆတ်ဆတ် ထည့်ထောင်းထားတာကြောင့် ကြက်သွန်ဖြူကို ကျမ်းမာရေးအရ စားသုံးသူများအတွက် အဆင်ပြေပါတယ်။ အားလုံး ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။  ထောင်းစားကြည့် လိုက်ပါနော်။

ပါဝင်ပစ္စည်းများ

ငရုတ်သီးခြောက် – ၃၀ တောင့် (လှော်ထားပါ)

ကြက်သွန်ဖြူ – ၉ မွှာ (ကြက်သွန်ဖြူ မကြိုက်လျှင် ရှော့ထည့်လို့ရပါတယ်)

ဆား – ၁ ဇွန်း (လက်ဖက်ဇွန်း /အလေးကြိုက်သူများ ပိုထည့်လို့ ရပါတယ်)

ကြက်သားမှုန့် – အနည်းငယ်

သံပုရာသီး – ၂ လုံး (၁ လုံးကို အရည်ညစ်ပါ ။ ၁ လုံးကို အသားဖတ်များ ခွာပါ)

ပဲဆီ ၂ ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်နည်း

ငရုတ်ဆုံ (သို့) ကြိတ်စက်ထဲသို့ လှော်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ကြိတ်ပါ။

မညက်တညက်လောက်ဆိုရင် ဆီနဲ့ သံပုရာရည်ကလွဲလို့ ကျန်ပစ္စည်းများ အားလုံးထည့် ကြိတ်ပါ။ ထောင်းပါ။

ပစ္စည်းများ အားလုံး ရောသွားလျှင် သံပုရာရည် နဲ့ သံပုရာဖတ်များ ထည့်ပြီး ဇွန်းနဲ့ နှံအောင်မွှေပါ။ ဆားမြည်းပါ။ အငံလိုလျှင် ဆားထပ်ထည့်ပါ။ အချိုလိုလျှင် ကြက်သားမှုန့် ထပ်ထည့်ပါ။

စားမြည့် ပန်းကန်ထဲသို့ ထည့်ပြီး အပေါ်မှနေ ပဲဆီ ဆမ်းပြီး ခတ်ဖွဖွလေး မွှေပါ။ ပဲထမင်း၊ ထောပတ်ထမင်း၊ ထမင်းကြော်၊ ပဲပြုတ်ထမင်းတို့နှင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

မှတ်ချက် – များများ ထောင်းပြီး လေလုံဗူးထဲထည့်ပြီး ပဲဆီနဲ့ နှပ်ထားလျှင် လနဲ့ချီ စားသုံးလို့ရပါတယ်။ ငရုတ်သီး လှော်ရမှာ ညော်လျှင် လှော်ပြီးသား ငရုတ်သီးမှုန့် ခွဲခြမ်းနဲ့ လဲ အသုံးပြုလို့ ရပါတယ်။