အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ။ ထမင်းစားတိုင်း ဟင်းချိုမပါမဖြစ် ထည့်ချက်တတ်သူတွေလားရှင့်။ ဟင်းချိုပါမှ ထမင်းစားလို့ ပိုကောင်းတယ်ဆိုသူတွေကလည်း တစ်ခါလာရင် ချဉ်ပေါင်ဟင်း၊ ဘူးညွန့်၊ ကင်ပွန်းချဉ် စသဖြင့် ထပ်နေပြီဆိုရင်တော့ နောက်ထပ်အသစ်အဆန်းလေးဖြစ်သွားအောင် ချက်နည်းအသစ်လေးကို ပြောပြပေးချင်ပါတယ်။

သဘာဝအတိုင်း ချိုတဲ့အရသာကို ပေးစွမ်းနိုင်မယ့် ကြက်ဥဟင်းချိုလေးပဲဖြစ်ပါတယ်။ အခုပဲ ချက်နည်းလေးကို ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် – ၄ ခွက်
  • ကြက်သွန်မြိတ် – ၃ ပင်
  • ဂျင်း – ၁ တက်
  • ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

  • ပြောင်းဖူးမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • နနွင်း – လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ
  • ကြက်ဥ – ၄ လုံး
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချက်ပြုတ်နည်း

၁။ ကြက်ပြုတ်ရည်ကို ကြက်သွန်မြိတ်အဖြူပိုင်း၊ ဂျင်းလှီးပြီးသားတို့နဲ့ အိုးအသေးတစ်လုံးထဲမှာ ရောထည့်ကာ မီးပြင်းပြင်းနဲ့ ပွက်တဲ့အထိ တည်ပေးပါ။

၂။ ပွက်လာရင် မီးလျှော့လိုက်ပြီး ဟင်းချိုကိုမီးအေးအေးနဲ့နှပ်ထားလိုက်ပါ။

၃။ ပြောင်းဖူးမှုန့်၊ ငရုပ်ကောင်းမှုန့်၊ နနွင်း၊ ဆား နှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ပန်းကန်လုံးတစ်ခုထဲမှာ ရောမွှေပါ။ ပြောင်းဖူးမှုန့်တွေ အရည်ဖြစ်သွားတဲ့အထိ သေချာမွှေနေပေးပါ။

၄။ ရလာတဲ့အနှစ်ကို ဟင်းချိုထဲ ဝှေ့ပြီးထည့်ကာ ယောက်မနဲ့သေချာမွှေပေးပါ။

၅။ ကြက်ဥခေါက်ပြီးသွားတွေထည့်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း ခက်ရင်းတစ်ချောင်းကို ပန်းကန်လုံးထိပ်မှာထားပြီး အိုးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။

၆။ ကြက်ဥတွေထည့်ပြီးသွားရင် စက္ကန့်အနည်းငယ်လောက်စောင့်ကာ သာသာလေး မွှေပေးလိုက်ပါ။

၇။ နှမ်းဆီဆမ်းလိုက်ပြီး အပေါ်မှ ကြက်သွန်မြိတ် အစိမ်းလေးတွေ ဖြူးပေးပြီးရင်တော့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။

Source: omnivorescookbook.com