ငရုတ်သီးစိမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ဟင်းချက်တဲ့အခါမှာဖြစ်စေ၊ အသုပ်တွေထဲမှာဖြစ်စေ၊ အစိမ်းလိုက်ပဲဖြစ်ဖြစ် အမျိုးမျိုးစားသုံးနေကြပါတယ်။ ဒီလိုမျိုး ပုံစံအစုံအလင်နဲ့ စားသုံးဖူးကြပေမယ့် အချဉ်စိမ်ပြီးတော့ စားဖူးကြမယ်လို့မထင်ပါဘူးနော်။ စားဖူးတယ်ဆိုရင်လည်း ကိုယ့်အိမ်မှာကိုယ် သေချာစိမ်ပြီးစားတော့ ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း – ၂ ကျပ်သား
  • ဆန်ရှာလကာရည် – ၁ ခွက်
  • သကြား – ခွတ်တစ်ဝက်ခန့်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ငရုတ်သီးစိမ်းတွေကို ရေဆေးပြီး ခြောက်အောင်သုတ်ပေးပါ။

၂။ ခြောက်သွားသည့်အခါ လှီးပေးပြီး အစေ့ထုတ်ပါ။ ပြီးလျှင် ပိုးသတ်ထားတဲ့ ဖန်ပုလင်းထဲ ငရုတ်သီးစိမ်းတွေကို ထည့်ပေးပါ။

၃။ ရှာလကာရည်၊ သကြား၊ ဆားတို့ကို လက်ကိုင်ပါ ဒယ်အိုးထဲပေါင်းထည့်၍ သကြားနှင့်ဆား လုံးလုံးအရည်ပျော်သွားသည်အထိ ကျိုပေးပါ။

၄။ ရလာတဲ့အရည်ကို ငရုတ်သီးတွေထည့်ထားသည့် ပုလင်းထဲသို့ လောင်းထည့်ပါ။

၅။ ရေခဲသေတ္တာထဲမထည့်ခင် အရင် အအေးခံပါ။

၆။ ၂ ရက် မှ ၃ ရက်ကြာမြင့်သွားသည့်အခါမှာတော့ စားသုံးနိုင်ပါပြီ။ တလအတွင်းစားပေးရင်တော့ အကောင်းဆုံးပါပဲ။