အားလုံးပဲ မင်္ဂလာပါ။ မီးဖိုချောင်ရယ်လို့ ဆိုလိုက်ရင် ဘယ်လောက်ပဲ နှစ်ပေါင်းများစွာ ချက်ပြုတ်ရေးမှာ ကျွမ်းကျင်သူတွေတောင် မသိကြသေးတဲ့ အချက်လေးတွေ ရှိနေသေးပါတယ်။ အရသာရှိတဲ့ ဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်ဖို့အတွက် ချက်နည်းကိုသိထားရုံနဲ့ မလုံလောက်ပါဘူး။

ဒါကြောင့်မို့လို့ အခုတစ်ခါမှာတော့ MyFood Myanmar မှ စာဖတ်ချစ် အိမ်ရှင်မများ၊ မီးဖိုချောင်အတွင်းဝင်ကြသူများအားလုံးအတွက် ကမ္ဘာတစ်ဝှမ်းက စားဖိုမှူးတွေ အသုံးပြုနေတဲ့ မီးဖိုချောင်တွင်းလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ အသားကင်တဲ့အခါမှာ မကြာခဏလှန်လှန်ပေးခြင်းက ကြွပ်ရွတဲ့ အနားကွပ်လေးတွေမဖြစ်အောင်နဲ့ အသားရဲ့ သဘာဝအချိုရည်တွေ ကုန်ဆုံးသွားစေလို့ ခြောက်သွေ့သွေ့နဲ့ အရသာမရှိ ဖြစ်သွားစေနိုင်ပါတယ်။ ဘယ်အချိန်လှန်ရမလဲဆိုတာ သိချင်ပါက ဒယ်အိုးကို အတန်ငယ်လှုပ်ပေးလိုက်ပြီး အသားက လွယ်လွယ်ကူကူ ရွေ့လျားမယ်ဆိုရင်တော့ နောက်တစ်ဖက်ကို လှန်ပေးဖို့အချိန်တန်ပါပြီ။

၂။ ကြက်ဥကောင်းမကောင်းသိချင်ရင် ရေအေးအပြည့်ထည့်ထားတဲ့ ဖန်ခွက်တစ်လုံးထဲကိုထည့်လိုက်ပါ။ လတ်ဆတ်သေးတယ်ဆိုရင် ဟိုးအောက်ခြေထိမြုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေတယ်ဆိုရင်တော့ ဒီကြက်ဥက မကောင်းတော့ပါဘူး။

၃။ အသားချက်ပြီးပြီးချင်း ချက်ချင်းစားသုံးခြင်းဟာ မှားယွင်းတဲ့ကိစ္စတစ်ခုပါ။ အသားချက်ပြီးတာနဲ့ ချက်ချင်းမစားဘဲ ခဏလောက်ထားပေးခြင်းက အသားရဲ့အရသာကိုပိုမြိန်စေကာ ဝါးလို့လည်း ပိုကောင်းမှာဖြစ်ပါတယ်။

၄။ ငါးအသားတွေကို အကင်မီးဖိုပေါ်မှာ ကင်မယ်ဆိုပါက အောက်ခြေမှာ သံပုယိုသီးတစ်ခြမ်းလောက်ကို ခံထားပေးခြင်းက မကပ်အောင်ကြိုတင်ကာကွယ်နိုင်သလို အရသာလည်း ပိုကောင်းစေမှာဖြစ်ပါတယ်။

၅။ ထောပတ်ကို မြန်မြန်အရည်ပျော်စေချင်ပါက ရေပူပူထည့်ပြီး အပူပေးထားတဲ့ ဖန်ခွက်တစ်လုံးကို ရေတွေသွန်ပစ်ပြီး ထောပတ်အပေါ်မှ အုပ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ထောပတ်တွေဖြည်းဖြည်းချင်း အရည်ပျော်သွားမှာဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၆။ အစားအသောက်တွေကြော်ချက်တဲ့အခါ ဒယ်အိုးတစ်ခုထဲ တစ်ကြိမ်တည်းနဲ့ အများကြီးထည့်ခြင်းက မသိဘဲပြုလုပ်နေတဲ့ အမှားတစ်ခုပါပဲ။ အကယ်လို့ အရည်ရွမ်းပြီး နူးညံ့တဲ့ အသားဟင်းကိုလိုချင်တယ်ဆိုရင်တော့ တစ်တုံးနဲ့တစ်တုံးကြားမှာ နေရာလေးတွေ ချန်ထားပေးပါ။

၇။ တစ်ခုခုကို လှီးဖြတ်နေချိန်မှာ စဉ့်တီတုံး ချော်ထွက်သွားခြင်းမရှိရအောင် အောက်ခြေမှာ အဝတ်တစ်ခုခင်းထားလိုက်ပါ။

၈။ အာလူးထောင်းပြုလုပ်ဖို့အတွက် အာလူးတွေကိုကြိတ်ခြေသည့်အခါ နွားနို့ပူပူလေးကိုသာအသုံးပြုပေးပါ။ နို့အေးကိုအသုံးပြုခြင်းက အာလူးတွေကို ညိုညစ်ညစ်ဖြစ်သွားစေနိုင်ပါတယ်။

၉။ အစားအသောက်ပြင်ဆင်နေရင်းနဲ့ မရောနိစ်လိုအပ်လာတဲ့အခါ တသီးတသန့် ဆိုင်သွားဝယ်နေစရာမလိုပါဘူး။ ကြက်ဥတစ်လုံးကို သံလွင်ဆီ ၁၅၀ မီလီလီတာနဲ့ရောပြီး သေချာမွှေပေးလိုက်ပါ။

Source: BrightSide