ဟင်းချက်တာမှားသွားရင်၊ အသားတွေအဝယ်မှားသွားရင် ဟင်းလျာတွေကို လွှင့်မပစ်ဘဲနဲ့ ပြန်ပြင်နိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။

အများအားဖြင့် စာဖိုးမှူးတွေ အသုံးပြုကြတဲ့နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

အသားတွေမာနေရင်

အသားကို နူးလွယ်မယ်ထင်ပြီး ချက်ကြည့်လိုက်မှ မာပြီး ကိုက်ရခက်နေရင် ဘယ်လိုလုပ်မလဲ။

စိတ်မပူပါနဲ့အောက်ပါ နည်းစနစ်တွေက အသားကို နူးညံ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။

အသီးအနှံတွေသုံးပါ

ပန်းသီး၊ နာနတ်သီး၊ သရက်သီး စသည်တို့ကို အသုံးပြုလို့ရပါတယ်။ အသီးတွေကို အခွံနွှာလိုက်ပါ။ မကျက်လွယ်တဲ့အသားအပေါ်မှာ ကိုယ်ထည့်ချင်တဲ့အသီးကို ပါးပါးလှီးပြီး တင်လိုက်ပါ။ အသီးတွေမှာ အသားတွေကို နူးညံ့စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။

ဒါ့ကြောင့် တချို့သော ဟင်းလျာတွေ အထူးသဖြင့် ဝက်သားဟင်းလျာမှာ နာနတ်သီးနဲ့ ထည့်ချက်လေ့ရှိပါတယ်။

ဆာကေး

ဂျပန်ရိုးရာ အရက် ဆာကေးကိုအသုံးပြုလို့ရပါတယ်။ ဆော့လုပ်ဖို့ ကြက်သွန်နဲ့ ပန်းသီးကို ပါးပါးလှီးပါ။ သံလွင်ဆီနဲ့ဆာကေးအနည်းငယ်ကိုပါ ထည့်ပါ။ အဲ့ဒီဆော့နဲ့ အသားကို တစ်ညလုံး နယ်ထား၊ စိမ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ ဒါဆိုရင် နူးညံ့သွားပါလိမ့်မယ်။

ကိုကာကိုလာသုံးပါ

ကိုကာကိုလာကလည်း အသားကို နူးညံ့အောင် လုပ်လို့ရပါတယ်။ မကြော်ခင်မှာ အသားကို ကိုကာကိုလာနဲ့စိမ်လိုက်ပါ။ ၁၀ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် အသားကို ဆယ်ယူလိုက်ပြီး အခြောက်ခံထားပါ။ အမည်းရောင် ငရုတ်ကောင်းမှုန့်ထည့်ပြီး ကြော်လိုက်ပါ။ ဒီနည်းက အသားကို နူးညံ့စေတဲ့အပြင် အရသာလည်းရှိစေပါတယ်။

သံပုရာသီး

သံပုရာရည်နဲ့ အသားကို မိနစ် ၃၀ လောက်စိမ်ထားပါ။ သံပုရာသီးမသုံးချင်ရင် ရှာလကာရည်လည်းသုံးလို့ရပါတယ်။ ရှာလကာရည်နဲ့ဆိုရင် တစ်ညလုံး စိမ်ထားဖို့ လိုအပ်ပါတယ်။