သင်္ကြန်အတွက် လုပ်စားလို့ရတဲ့ မုန့်လေးများ –

သင်္ကြန် နဲ့ ကျောက်ကျော ကတော့ အတွဲ ညီညီတွဲလို့ ရသော အချိုပွဲလေးပါ။  ကျောက်ကျောကို တစ်ယောက်စာ စားလို့ရမဲ့ ပုံစံလေးတွေ လုပ်ပြီး ရေကစား ပြန်လာသူတွေကို အစာပြေကျွေးတော့ သိပ်အဆင်ပြေပါတယ်။ လုပ်စားကြည့်လိုက်နော်….

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော  – ၂ ထုပ် (တယ်လီဖုန်းပုံ ကျောက်ကျော)
  • သကြား  –  ၁ ခွက် နှင့် ၃/၄ ပုံ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဆား  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ဂျယ်လီမှုန့်  –  ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း/ရေနွေးလေးဖြင့် ဖျော်ထားပါ)
  • ရေ  –  ၅ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)
  • အုန်းသီးရည်  –  ၂ ခွက် (လတ်ဆတ်သော အုန်းသီးခွဲမှ ရသောအရည်)
  • အုန်းနို့ရည်  –  ၁ ခွက်
  • ထန်းလျက်  –   ၁၀ ကျပ်သား (ကြိုထားပါ)
  • အုန်းသီး   –  ၁ ခြမ်း (အသားများ ခြစ်ထားပါ)

ပြုလုပ်နည်း

  1. မကပ်သော စောက်နက်အိုးထဲကို အုန်းသီးရည်၊ အုန်းနို့ရည် ၊ ရေထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။ အရည်များ ပူပြီး ပွတ်လာလျှင် ကျောက်ကျော၊ သကြား ၊ ဂျယ်လီမှုန့် နှင့် ဆား တို့ထည့်ပြီး သကြားအရည် ပျော်တဲ့အထိ တည်ပါ။ အဆက်မပြတ် မွှေပေးပါ။ ပွတ်ပွတ် ဆူလာလျှင် မီးဖိုပေါ်မှ ချပြီး ကပ်ကိတ်ခွက်လေးတွေထဲ လောင်း ထည့်ပါ။
  2. အနည်းငယ် အအေးခံပြီး အပေါ်ယံ နည်းနည်း တင်းလာလျှင် ကြိုထားသော ထန်းလျက်အရည်ကို လက်ဖက်ဇွန်း တစ်ဇွန်းစီလောက် ကျောက်ကျောပေါ်မှ ဆန်းလိုက်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားပါ။ ၂၀ – ၂၅ မိနစ်လောက် အအေးခံထားပြီးလျှင် ခွက်လေးများထဲမှ ထုပ်ပြီး အုန်းသီးဖတ်လေးများ၊ ထန်းလျက် ဆန်းပြီး သုံးဆောင်နိုင်ပါသည်။ အအေးကြိုက်သူများ အတွက် စားခံနီးမှ ရေခဲသေတ္တာထဲမှ ထုပ်စားတာကောင်းပါတယ်။