ဟင်းချက်ဝါသနာပါတဲ့ စာဖတ်သူတို့ရေ မင်္ဂလာပါနော်။ ဟင်းချက်တဲ့သူတစ်ယောက်အနေနဲ့ တကိုယ်ရေ သန့်ရှင်းရေးက သိပ်ကိုအရေးကြီးသလို မိမိရဲ့ ဟင်းလျာ အရသာရှိစေဖို့အတွက်လည်း ဟင်းလျာတွေကို နည်းမှန်လမ်းမှန်နဲ့ချက်ပြုတ်ဖို့လိုအပ်ပါတယ်။

ဟင်းချက်ရာမှာ စာဖတ်သူတို့ ပြုလုပ်တတ်လေ့ရှိတဲ့ အမှားတချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ဟင်းချက်နည်းကိုအပြည့်အစုံမဖတ်ဘူး

ဟင်းစချက်တဲ့သူတွေအတွက် အရေးကြီးဆုံးပါ။ ဟင်းချက်နည်းကို အပြည့်အစုံဖတ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုဖတ်ပြီး သေချာနားလည်မှ မိမိချက်တဲ့ဟင်းလျာကို အရသာမှန် ချက်ပြုတ်နိုင်မှာပါ။

၂။ ပါဝင်ပစ္စည်းတွေကို အချိုးကျကျ မထည့်ခြင်း

ပါဝင်ပစ္စည်းတွေကို အချိုးကျထည့်ဖို့လိုပါတယ်။ ဒါမှ ဆားအရမ်းငန်တာမျိုး ပေါ့သွားတာမျိုးမဖြစ်မှာဖြစ်သလို ဟင်းအရမ်းများသွားတာမျိုးလည်း မဖြစ်မှာပါ။

၃။ တချိန်ထဲမှာ အားလုံးကို ကြော်ခြင်း

အချိန်ကို ချွေတာနဲ့အနေနဲ့ အစားအစာအားလုံးကို အတူတူ ကြော်လေ့ရှိပါတယ်။ အသီအရွက်စုံကြော်မယ် (သို့) အသားနဲ့ အရွက်ကြော်မယ် ဆိုရင်လည်း ကျက်လွယ်တာကို နောက်မှ ထည့်ရတာပါနော်။ မဟုတ်ရင်တော့ အရသာရှိမှာမဟုတ်ပါဘူး။

၄။ အကျက်လွန်အောင်ချက်ခြင်း

ဟင်းလျာတွေကို အနေတော်ချက်ဖို့လိုပါတယ်။ မဟုတ်ဘဲ အချိန်အကြာကြီးယူပြီး ချက်လိုက်ရင်တော့ ဟင်းလျာရဲ့ အရသာပျက်သွားမှာဖြစ်သလို အာဟာရလည်း ပြည့်ပြည့်ဝဝ ရတော့မှာမဟုတ်ပါဘူး။

၅။ လက်မဆေးခြင်း

တကိုယ်ရေ သန့်ရှင်းရေးက သိပ်ကိုအရေးကြီးပါတယ်။ ဟင်းချက်မယ့် လက်က အမြဲသန့်နေဖို့လိုပါတယ်။ လက်ကို ခဏခဏဆေးပါ။

၆။ ဆား

ဆားကို ဘယ်အချိန်မှာထည့်ရမလဲဆိုတာရှိပါတယ်။ အရွက်ကြော်ရင် အရွက်နွမ်းလာမယ့် ထည့်ရတာပါ။ ဆားကို နည်းနည်းပဲ ထည့်တာ (သို့) အရမ်းများများထည့်မိသွားတာမျိုး ဟင်းချက်တဲ့သူတွေမှာ ကြုံရတတ်ပါတယ်။ အကောင်းဆုံးက ဆားကို နည်းနည်းဆီထည့်ပြီး အရသာ တော်မတော် မြည်းကြည့်လိုက်ပါ။

၇။ အစားအစာကို သေချာမဆေးကြောခြင်း

အခုခေတ်မှာ ဓာတုမြေသြဇာတွေသုံးလာတာနဲ့အမျှ အစားအစာတွေကို ပိုပြီး စင်စင် ဆေးလာဖို့လိုအပ်လာပါပြီ။ အထူးသဖြင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပါ။