အနောက်တိုင်းသား ခရီးသွားတွေကတော့ ငါးပိအနံ့ကြောင့်မကြိုက်တတ်ကြပါဘူး။ သာမန် လမ်းဘေးဆိုင်တွေ၊ထိုင်းရိုးရာ စစ်စစ် ရောင်းတဲ့ ထိုင်း စားသောက်ဆိုင် တွေမှာတော့ ဒီပုံစံမျိုးကို အများဆုံး စားလေ့ ရှိကြပါတယ်။ အရသာ တစ်မျိုး ထူးပြီး ကြိုက်တတ်သူတွေအတွက် သာမာန် သင်္ဘောသီးထောင်း မစားချင်တော့ လောက်အောင် စွဲလန်းတတ်ကြပါတယ်။ စားကြည့် သင့်တဲ့ အမျိုးအစားပါ။ ပူဆိုတာ ဂဏန်းကောင် ဖြစ်ပြီး ပလာကတော့ ငါးပိပါ။

ယိုးဒယား သင်္ဘောသီးထောင်း – ၁ ပွဲစာ (ပူ၊ ပလာ)

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခပ်ကြမ်းကြမ်းခြစ် – လက် တဆုပ်စာခန့်
  • ခရမ်းကြွပ်သီး (အစိမ်းရောင်) – ၁ လုံး
  • ပဲတောင့်ရှည် – ၂ တောင့်
  • ခရမ်းချဉ်သီး – ၁ လုံး
  • သံပုရာသီး – ၁ လုံး
  • ထန်းလျက်ခဲ – ၂ ခဲ
  • ဂဏန်းဆားရည်စိမ် – ၁ ကောင်၊ ၂ ကောင်
  • ငါးပိရည်ကြို – ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်စိမ်းတောင့် (သို့) အခြောက်တောင့် မိမိနှစ်သက်သလို
  • ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

ပြုလုပ်နည်း

ဒီအမျိုးအစားက သင်္ဘောသီးကို ခြစ်တာထက် ခပ်ကြမ်းကြမ်း ပေါက်တာ ပိုကောင်းပါတယ်။ သင်္ဘောသီး ပေါက်ထားတာကို ရေခဲရေ စိမ်ထား သို့မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။

ပွဲပြင်ဆင်တော့မယ်ဆို ငရုတ်ဆုံထဲ ထမ်းလျက်ခဲတွေ ကြေအောင် အရင်ထောင်းပါ။ နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း (သို့) ငရုတ်ခြောက် တောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။ ဘာမှ မထည့်ဘဲ ကြိုထားတဲ့ ငါးပိရည်ကြို အရည်ကြည်ကို ထည့်ပါ။

သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ပြီးရင်တော့ ဂဏန်း ဆားရည်စိမ်ကို ခြွေထည့်ပြီး အနည်းငယ် ပွတ်ချေ ပေးလိုက်ပါ၊ ဒါမှ အရသာတွေ စိမ့်ဝင်နိုင်မှာပါ။

ခရမ်းကြွပ်သီး အစိမ်းရောင်ကို ပါးပါးလှီး၊ ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီး ထည့်ပါ။

လက်တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံးခြစ်ထားတဲ့ သင်္ဘောသီးတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။ န့ုံပြီဆို မြည်းကြည့်ပါ။ အပေါ့အငံလိုချင်တဲ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့်နှစ်သက်ရာထည့်ပါ။

ရေခဲ စိမ်ထားတဲ့ ကန်စွန်းရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် သာမန်ထက် ထူးခြား တဲ့ ယိုးဒယား သင်္ဘောသီးထောင်း စစ်စစ်ကို ခံစားရရှိနိုင်မှာပါ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)

Credit: Thailand Go ထိုင်းနိုင်ငံမှာလည်ကြမယ်