အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းတစ်ခွက်တည်းနဲ့ အာဟာရအားလုံးပေါင်းစပ်ပါဝင်နေတဲ့ ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

အာလူး ပန်းဂေါ်ဖီစိမ်းအပြင် ချိစ်နဲ့ ဝက်ပေါင်ခြောက်တို့ပါဝင်တဲ့ စွပ်ပြုတ်ဟင်းရည်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ပန်းကန်လုံး ၅ ခွက်ခွဲခန့်

  • လှီးဖြတ်ထားသော ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၃ ခွက်စာ
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန် ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ ၂ စည်း (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး

Photo Source: www.womenshealthmag.com

  • အာလူး အလယ်အလတ်အရွယ်အစား ၂ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နွားနို့ ပန်းကန်လုံး ၂ လုံးခွဲခန့်
  • ဇာတိပ္ဖိုလ်သီး အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
  • ချိစ်အနည်းငယ်

Photo Source: www.freepik.com

  • ဝက်ပေါင်ခြောက် ၅ ပြား
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အိုးတစ်လုံးထဲမှာ ရေဆူအောင်တည်ထားပြီး ဆူပွက်လာပါက ပန်းဂေါ်ဖီစိမ်း ထည့်ပြီး ၃ မိနစ်ခန့် တည်ထားပါ။

အချိန်ပြည့်ပြီဆိုရင် ပန်းဂေါ်ဖီစိမ်းကို အိုးထဲကဖယ်ထုတ်လိုက်ပါ။ ပန်းဂေါ်ဖီစိမ်း တစ်ဝက်ကို ဒီအတိုင်းထားပြီး ကျန်တစ်ဝက်ကိုတော့ သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်လိုက်ပါ။

အာလူးကို အတုံးအသေးလေးတုံးလိုက်ပြီး မုန်လာဥနီကိုလည်း အဝိုင်းလိုက်လှီးဖြတ်ထားပါ။ ထို့နောက် စောစောကရေနွေးအိုးထဲပဲ ထည့်ပြီး ၁၀ မိနစ်ခန့် တည်ပါ။

ကြက်သွန်နီနဲ့ တရုတ်နံနံတို့ကို ပါးပါးလှီးထားပါ။ ထို့နောက် ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်နဲ့ ပူအောင်ထားပြီး ထောပတ်များထည့်လိုက်ပါ။ ကြက်သွန်နီနဲ့ တရုတ်နံနံတို့ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးပါ။ ထို့နောက် အာလူးတည်ထားတဲ့အိုးထဲ ထည့်လိုက်ပါ။

ဒယ်အိုးထဲမှာ ပါးပါးလှီးထားတဲ့ ဝက်ပေါင်ခြောက်များကို ၈ မိနစ်ခန့် ကြော်ပါ။

အဆီမပါအောင် သေချာစစ်ထုတ်ပြီး ပန်းကန်ထဲထည့်ထားပါ။

ဖန်ခွက်တစ်လုံးထဲမှာ နွားနို့ ၃ ပုံ ၁ ပုံခန့်နဲ့ ဂျုံမှုန့်တို့ကို ရောပြီး သမအောင်မွှေပေးလိုက်ပါ။ ထို့နောက် အာလူးအိုးထဲထည့်ပြီး မွှေပေးလိုက်ပါ။

ထို့နောက် ကျန်တဲ့နွားနို့ကို အိုးထဲထည့်လိုက်ပါ။ ပန်းဂေါ်ဖီစိမ်းများကို အကုန်လုံးထည့်ပါ။ ဇာတိပ္ဖိုလ်မှုန့်များထည့်ပြီး မွှေပေးလိုက်ပါ။ ဆားနဲ့ငရုတ်ကောင်းမှုန့်ထည့်ပြီး အပေါ့အငန်မြည်းပြီးနောက် ၂ မိနစ်ခန့် ထပ်တည်လိုက်ပါ။

ထို့နောက် ပန်းကန်လုံးကြီးထဲထည့်ကာ စားခါနီးကျမှ ချိစ်နဲ့ ဝက်ပေါင်ခြောက်ကြော်များထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ချိစ်အရသာ အာလူး ပန်းဂေါ်ဖီစိမ်းစွပ်ပြုတ် ဟင်းရည်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com