အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလှူတွေ၊ မင်္ဂလာဆောင်ပွဲတို့မှာ ဒန်ပေါက်ကျွေးကျွေး၊ အုန်းထမင်း သို့မဟုတ် ထမင်းဖြူနဲ့ဟင်းကျွေးကျွေး မပါမဖြစ် ထည့်သွင်းရတဲ့ ဟင်းတစ်မျိုးဖြစ်တဲ့ ပုစွန်ခြောက်ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ကိုယ်ကိုယ်တိုင် အိမ်မှာကြော်စားရတာဖြစ်လို့ ဆီမသန့်မှာ၊ ဆီများသွားမှာတွေ မပူရတော့ဘူးပေါ့။

ပါဝင်ပစ္စည်းများ

  • ပုစွန်ခြောက် – ၂ ခွက်စာ
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်ဖြူ – ၁၀ မြွှာ
  • မန်ကျည်းအနှစ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပုဇွန်ငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်

Source: Omnivore’s Cookbook

  • ဆီ – ပန်းကန်လုံးနှင့် တစ်လုံး
  • နနွင်း – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် အထက်

ပြင်ဆင်ချက်ပြုတ်နည်း

၁။ ပုစွန်ခြောက်တွေကို ရေဆေးပြီးစစ်ကာ အခြောက်ခံထားပါ။ ကြက်သွန်နီကို ပါးပါးလေးတွေလှီးပြီး ကြက်သွန်ဖြူကိုတော့ နည်းနည်းထူထူလေးလှီးပါ။

၂။ မန်ကျည်းသီးအနှစ်ကို ပန်းကန်လုံးတစ်ဝက်ရှိတဲ့ ရေထဲထည့်ကာ အရည်ညှစ်ထားပါ။ ထိုမန်ကျည်းရည်ထဲမှာ ပုစွန်ငပိထည့်ကာ ပျော်သွားတဲ့အထိ ဖျော်ပေးပါ။

၃။ ပုစွန်ခြောက်တွေကို ကြိတ်စက်ထဲထည့်ကာ အမှုန့်ဖြစ်တဲ့အထိ ကြိတ်ပေးပါ။

၄။ ဒယ်အိုးစောက်ထဲမှာ နနွင်းနဲ့အတူ ဆီပူအောင်လုပ်ကာ ကြက်သွန်နီတွေကို အညိုရောင်သမ်းလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင် ဆီစစ်ပြီး ဘေးမှာ သပ်သပ်ဖယ်ထားပါ။

၅။ ကြက်သွန်ဖြူတွေကိုလည်း ရွှေရောင်သမ်းတဲ့အထိ ကြော်ကာ ဆီစစ်ပါ။ ဆီပူထဲမှာ ပုစွန်ခြောက်အမှုန့်တွေကိုထည့်ပြီး ကြွပ်တဲ့အထိကြော်ပေးပါ။ (မည်းတော့မသွားပါစေနဲ့)

၆။ ဒယ်အိုးကိုမီးဖိုပေါ်မှချပြီး ဆီတွေဖယ်ကာ ဆေးကြောလိုက်ပါ။ ဆေးပြီးသွားရင် မီးဖိုပေါ်ပြန်တင်ပြီး လက်ဖက်ရည်ဇွန်းနဲ့ ဆီနှစ်ဇွန်းထပ်ထည့်ကာ မန်ကျည်းရည်၊ နနွင်းနည်းနည်းတို့ထည့်ပြီး မွှေပေးပါ။

၇။ အရည်ပျောက်သွားပြီဆိုတာနဲ့ အစိမ်းမှုန့်ထည့်ကာ မွှေပါ။ ပုစွန်ခြောက်တွေကိုလည်း ဒယ်အိုးထဲထည့်ကာ တစ်မိနစ်ခန့် သေချာမွှေပေးပါ။

၈။ လိုအပ်ပါက ဆားထည့်ပြီး မီးဖိုပေါ်မှချလိုက်ကာ အအေးခံပါ။ အေးသွားပြီဆိုရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကြော်တို့ ရောထည့်မွှေကာ လေလုံတဲ့အထဲမှာ ထည့်သိမ်းပြီး စားသုံးနိုင်ပါပြီ။