ကိုယ်အလေးချိန်တက်မှာ စိုးရိမ်တဲ့သူ၊ အဆီပိုတွေ ထွက်လာမှာ စိုးရိမ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းနဲ့ စပျစ်သီး သုံးမျိုးပေါင်းစပ်ပြီး အရသာရှိတဲ့ အသီးအနှံအသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဗိုက်ဆာတဲ့အချိန် ဒီအသုပ်လေး သုပ်စားမယ်ဆိုရင် ကယ်လိုရီတက်မှာလည်း စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေးနဲ့ ဗိုက်ဝဝ စားသုံးနိုင်တာကတော့ ဟင်းသီးဟင်းရွက်အသုပ်ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လှီးဖြတ်ထားသော ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၃ ခွက်
  • လှီးဖြတ်ထားသော ပန်းဂေါ်ဖီ ပန်းကန်လုံး ၃ ခွက်
  • သခွားသီး ၂ လုံး

စပျစ်သီးနေ့တိုင်းစားပေးခြင်းဖြင့် သင့်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိသလဲ

  • စပျစ်သီး ပန်းကန်လုံး ၁ လုံးနှင့် တစ်ဝက်ခန့်
  • မိရောနိစ် ပန်းကန်လုံး တစ်ဝက်ခန့်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း လေးပုံတစ်ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးတစ်လုံးထဲကို ပန်းဂေါ်ဖီစိမ်းထည့်ပြီး အပေါ်ကနေ ရေနွေးပူလေးလောင်းချလိုက်ပါ။ မိနစ်အနည်းငယ်လောက် စောင့်ပြီးမှ ပန်းဂေါ်ဖီစိမ်းများကို လှီးဖြတ်လိုက်ပါ။

ပန်းဂေါ်ဖီကိုလည်း ထိုနည်းအတိုင်းပဲ ပန်းကန်လုံးလေးထဲထည့်၊ ရေနွေးဖျော၊ မိနစ်အနည်းငယ်လောက် စောင့်ပြီး ခပ်ပါးပါး လှီးဖြတ်လိုက်ပါ။

သခွားသီးနဲ့ စပျစ်သီးများကိုလည်း အတုံးသေးများ တုံးထားပါ။ ပုံထဲမှာကတော့ စပျစ်သီးတစ်လုံးကို လေးစိတ် စိတ်ထားတာပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေအကုန်လုံးကို ရောထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ပြီးတဲ့အခါ မိရောနိစ်၊ သံပုယိုရည်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ဖြူးပြီး သေချာမွှေပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

ဒီလောက်ဆိုရင်တော့ ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် ဗိုက်ဆာတဲ့အခါ အဆာခံ၊ ဒုက္ခခံစရာလည်း မလိုတဲ့အပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံများက အသားအရေအလှအပအတွက်လည်း ကောင်းကျိုး မြောက်မြားစွာ ပေးစွမ်းနိုင်တာကြောင့် ဝိတ်ကျပြီး အသားအရေစိုပြေချောမွေ့လာမှာ အမှန်ပါပဲ။

Source: www.mydeliciousmeals.com