သခွားသီးသည် အအေးစာ သီးနှံတစ်ခုဖြစ်ပြီး အနွယ်ပင်မျိုး တစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို့ ပြီးရင် သခွားသီးက အစားအများဆုံး ဟင်းသီးဟင်းရွက်ပါ။ သခွားသီးဟာ ရေဓာတ် ပြည့်ဝတဲ့ အသီးတစ်မျိုး ဖြစ်ပြီး ရေငတ်တယ်ဆိုရင် အစိမ်း စားနိုင်သလို အသုပ်၊ အကြော်၊ တို့စရာ အနေနဲ့လည်း စားနိုင်ပါတယ်။

သခွားသီးမှာ ကယ်လိုရင်း၊ ပရိုတင်း၊ ရေဓာတ်၊ ကဆီဓာတ်တို့ အပြင် အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့ အသီးမို့ ကျန်းမာရေးအတွက်သာမက အသားအရေအတွက်ပါ အသုံးဝင်တဲ့ အသီးပါ။ သခွားသီးကို စားပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ မျှဝေချင်ပါတယ်။

၁။ ဦးနှောက်ကို ကာကွယ်ပေးနိုင်

သခွားသီးမှာ ဦးနှောက် ကျန်းမာရေး အတွက် အရေးကြီးတဲ့ Anti-Inflammatory ဓာတ်ပါဝင်ပြီး အယ်ဇိုင်းမား ဝေဒနာရှင်တွေအတွက် အာရုံကြောတွေရဲ့ ပျက်ဆီးမှုကို ကောင်းစွာ ကုသပေးနိုင်ပါတယ်။

၂။ ကင်ဆာဖြစ်စေနိုင်မှုကို လျော့ချပေးနိုင်

သခွားသီးကို ကင်ဆာရောဂါ ကုထုံးအနေနဲ့ စမ်းသပ်ခဲ့ကြပြီး ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိမှုကနေ ကာကွယ်ပေးထားပါတယ်။

၃။ ကိုယ်တွင်းအပူဓာတ်ကို လျော့ချပေးနိုင်

သခွားသီးဟာ ရေဓာတ်ပါဝင်မှု များတဲ့ အတွက် ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ကိုယ်တွင်း အပူငြိမ်းစေပြီး ကယ်လိုရီလည်း သိသိသာသာ ကျဆင်းစေပါတယ်။ ဆီးချိုသမားတွေ အတွက် သင့်တော်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဆီရွှင်စေပြီး ကျောက်တည်တာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

၄။ အရိုးတွေကို ကျန်းမာနိုင်

သခွားသီးမှာ စီလီကာ၊ ဗီတာမင်ကေနဲ့ ကယ်လ်ဆီယမ် အလုံအလောက် ရှိနေတာကြောင့် အရိုးအဆစ်နဲ့ကြွက်သားတွေကို သန်မာစေပါတယ်။ အရိုးကျန်းမာသန်စွမ်းပြီး အရိုးပွခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

၅။ အစာကြေစနစ်ကို ကောင်းမွန်စေနိုင်

သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ကြွယ်ဝတဲ့ အတွက် သုပ်စားတာဖြစ်ဖြစ် ဖျော်ရည်အဖြစ် သောက်တာပဲဖြစ်ဖြစ် စားသုံးပေးရင် လိုအပ်တဲ့ အမျှင်ဓာတ်ကို ရစေပါတယ်။ အမျှင်ဓာတ်ဟာ အစာအိမ်အက်ဆစ် အထွက်များပြီး ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အစာအိမ်နာခြင်းတို့ကို သက်သာစေပြီး သွေးတိုးသမားတွေ အတွက်လည်း ကောင်းကောင်း စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားပြီးတိုင်း သခွားသီး စားပေးသင့်ပါတယ်။

၆။ ကိုယ်အလေးချိန် ထိန်းချုပ်ပေးနိုင်

သခွားသီးမှာ ရေဓာတ်ပါဝင်မှုများပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်ခန္ဓာ သွယ်လျစေပါတယ်။ သခွားသီးကို ဖျော်ရည်အဖြစ် နေ့စဉ် သောက်သုံးပေးရင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းစေပါတယ်။

၇။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

သခွားသီးမှာ ပိုတက်ဆီယမ်ပါဝင်ပြီး သွေးဖိအားကို ကျစေပါတယ်။ ပိုတက်ဆီယမ်ဟာ နှလုံးလုပ်ဆောင်ချက် ကောင်းမွန်စေပြီး နှလုံးဆဲလ်တွေရဲ့ အတွင်းရော အပြင်ပါ ကူညီပေးပါတယ်။ နှလုံးကြွက်သားတွေ သန်မာစေပြီး နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

သခွားသီးမှာ တခြား ကောင်းမွန်တဲ့ အမျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။ သခွားသီးဟာ အလွယ်တကူ ဝယ်ယူရနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပြီး လူတွေ အတွက် အကျိုးကျေးဇူးအင်မတန် များတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

Credit: mercola