မရမ်းသီးပေါ်ချိန်ဖြစ်လို့ ငါးကြင်းဖြူ ဗိုက်သားလေးတွေကို မရမ်းသီးနဲ့ ချဉ်စပ်ကလေး ချက်စားပါတယ်။ ထမင်းမြိန်စေတဲ့ဟင်းလေးတစ်ခွက်မို့ ချက်နည်းလေး မျှဝေပေးပါမယ်နော်။

လိုအပ်သော ပစ္စည်းများ

  • အကြေးထိုးပြီးသား ငါးကြင်းဖြူဗိုက်သားချည်း – ၂၅ ကျပ်သား
  • ခရမ်းချဉ်သီးအမှည့် – ၃ လုံး
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • မရမ်းသီး ခပ်ကြီးကြီး – ၃ လုံး
  • ငရုတ်သီးစိမ်း – ၁၀ တောင့်ခန့်

ပြင်ဆင်ချက်ပြုတ်နည်း

ငါးကြင်း ဗိုက်သားများကို ရေဆေးပြီး ဆား၊ နနွင်း၊ ယိုးဒယားငံပြာရည်၊ သကြား စသည်တို့ဖြင့် နယ်ပြီး marinate လုပ်ထားပေးပါ။ မရမ်းသီးကို ရေဆေး ဖင်ဖြတ်ပြီး ခပ်ထူထူလေးများ ရအောင် လှီးထားပါ။

ငရုတ်သီးစိမ်းများ ရေဆေးထားပါ။ ကြက်သွန်ဖြူနီများကို အရောင်တင်မှုန့် ထည့်ပြီ ညက်အောင်ထောင်းထားပါ။ မီးအပူချိန်ကို mild heat လောက်ပဲထားပါ။ ဒယ်အိုးထဲကို မိမိစိတ်ကြိုက်ပမာဏရှိတဲ့ ပဲဆီစစ်စစ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီအရောထောင်းကို ခပ်ခြောက်ခြောက် အနေအထား ရသည်အထိ ဆီသတ်ပေးပါ။

အနှစ်များ ခြောက်လာပြီ ဆိုတာနဲ့ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး အမှည့်များကို အနှစ်များ လိပ်သည်အထိ ချက်ပေးပါ။ ခရမ်းချဉ်သီးများ မြန်မြန်ကျေချင်လျှင် ဆားထည့်ပြီး အဖုံးအုပ်ထားကာ မကြာမကြာမွှေပေးပါ။

ခရမ်းချဉ်သီး အနှစ်များ လိပ်တက်လာလျှင် ငါးကြင်းသားများ ထည့်ပါ။ ဟင်းချက်ဇွန်းဖြင့် အရမ်းမွှေလျှင် ငါးများကြေသွားတတ်လို့ တူလေးနဲ့ပဲ အသာအယာမွှေပေးပါ။ ရေနွေးပူပူ အနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပေးပါ။

ဆီပြန်လာလျှင် အရသာမြည်းပြီး အရသာများ ထပ်ထည့်ပေးပါ။ အရသာအဆင်ပြေပြီဆိုရင် မရမ်းသီးများ ငရုတ်သီးစိမ်းများကို ထည့်ပြီး အဖုံးအုပ်ထားကာ မီးပိတ်ပါ။ အဖုံးကို ချက်ခြင်း မလှန်ဘဲ သူ့အငွေ့နဲ့ သူ မရမ်းသီးများ ကျက်သွားပါစေ။

မိသားစုထဲမှာ ငါးမကြိုက်တတ်သူတွေပါရင် ဒီနည်းလေးအတိုင်း ချက်ကြွေးကြည့်ပါရှင်။ ငါးနံ့ပျောက်ပြီး အအီပြေစေတဲ့ ဟင်းတစ်ခွက်ဖြစ်လို့ ထမင်းမြိန်စေမှာ အမှန်ပါပဲ။

Credit: Warr Tee