အာလူးနဲ့ ပုစွန်ကိုအသုံးပြုပြီး အရသာရှိတဲ့ အစာသွပ်မုန့်ပုံစံကြော်နည်းလေးကို အစားတစ်လိုင်းပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။ ဒီမုန့်လုပ်နည်းလေးက လုပ်ရတာလည်းလွယ်ကူသလောက် စားလိုက်ရင်လည်း အရသာရှိတဲ့အတွက် အိမ်မှာမိသားစုနဲ့လုပ်စားလို့ အသင့်တော်ဆုံးပါပဲ။

ပထမဆုံးအနေနဲ့ ပုစွန်အကြီး – ၁၅ ကောင်ကို အခွံတွေခွာပြီး အမြီးကိုတော့ ဒီတိုင်းထားထားလိုက်ပါ။ ပြီးရင်တော့ ဆား -အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး နယ်ပါ။

နောက်ထပ်ပန်းကန်လုံးအကြီးထဲကို ပြုတ်ပြီးသားအာလူး – ၃ လုံးကို သေးသေးလေးတွေ လှီးထည့်ပြီး ကျေညက်သွားအောင် ချေပေးပါ။ အာလူးတွေကျေညက်သွားပြီဆိုရင်တော့ ထောပတ် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်ဥအနှစ် – တစ်လုံးထည့်ပြီး နယ်ပေးပါ။ ပြီးတာနဲ့ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ထည့်နယ်ပါ။

အားလုံးပြီးရင်တော့ နယ်ထားတဲ့အာလူးတွေကို လက်တစ်ဆုပ်စာယူပြီး အထဲမှာ ပုစွန်တစ်ကောင်ထည့်ပြီး လုံးပေးပါ။ ပုစွန်အမြီးကိုတော့ ပုံမှပြထားတဲ့အတိုင်း အပြင်မှာပဲထုတ်ထားလိုက်ပါ။

လုံးပြီးသွားတာတွေကို ဂျုံမှုန့်ထည့်ထားတဲ့ပန်းကန်ထဲ ထည့်နယ်ပါ။ ပြီးတာနဲ့ ကြက်ဥခလောက်ထားတဲ့ ပန်းကန်ထဲ ထည့်နယ်ပါ။ ပေါင်မုန့်အကျေတွေထည့်ထားတဲ့ပန်းကန်ထဲ ထည့်နယ်ပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။

ဆီအိုးထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး အချဉ်လေးနဲ့တို့စားနိုင်ပါပြီ။ ဒါကတော့ အာလူးနဲ့ပုစွန်ကို အစာသွပ်ပုံစံလေးကြော်ထားတာပါ။ အိမ်မှာမုန့်လုပ်စားရတာက အပြင်မှာဝယ်စားရတာထက် ပိုပြီးပျော်စရာကောင်းပါတယ်။ ဒါကြောင့် လုပ်စားကြည့်ဖို့ အကြံပြုပါတယ်။

Photo Source: www.tasty.com