ကြိုက်သူနဲ့ မကြိုက်သူ ဆတူ အချိုးညီလှတဲ့ အသီးကို ပြောပါဆိုရင် ဒူးရင်းသီးလို့ ပြောရပါလိမ့်မယ်။ တချို့ကတော့ အသီးဘုရင်လို့ တင်စားခေါ်ကြပြီး တစ်ချို့ကတော့ အနံ့ရတာနဲ့တင် မူးလို့ အရမ်းမုန်းပါတယ်လို့ ပြောကြပါလိမ့်မယ်။ အနံ့ပြင်းပေမယ့် ထူးခြားတဲ့ အရသာနဲ့ ဆွဲဆောင်မှု ရှိတဲ့ အသီးလို့ ပြောရရင် မမှားပါဘူး။ ဒူးရင်းသီးရဲ့ အနံ့ပြင်းပုံကြောင့် တချို့နိုင်ငံတွေမှာ ဒူးရင်းသီး စားလာပြီး ရုံးတက်လို့ မရတာတို့၊ ဟိုတယ်၊ ရထား၊ ကားနဲ့ တခြား လူထူတဲ့ နေရာတွေမှာ သွားလာဖို့ မသင့်တော်တာတို့ မသင့်တော်ဘူးလို့ ပြောကြတာတို့ တွေ့ရတတ်ပါတယ်။

No-durians-allowed-sign

ဒူးရင်းသီးဟာ အရှေ့တောင် အာရှဘက်မှာ ပေါပြီး အနောက်နိုင်ငံသားတွေကတော့ အနံ့ကြောင့် သိပ်မကြိုက်ကြပါဘူး။ အပူပိုင်း ဒေသတွေမှာ အပေါက်များပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ပေါက်ရောက်ပါတယ်။ ဒူးရင်းပင် ၄-၅နှစ် သက်တမ်းမှာ စသီးပြီး အမြင့် ၅၀မီတာလောက် ရှိကြပါတယ်။ နွေရာသီ အဆုံးနဲ့ မိုးရာသီ အစမှာ ပေါ်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး တခြားအသီးတွေလိုပဲ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွ ယ်ဝပါတယ်။

ကျန်းမာရေး အကျိုး ကျေးဇူးတွေလည်း ရှိပါတယ်။ ဒူးရင်းသီးကို စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေပြီး အာဟာရပြည့်လွယ်တာကြောင့် အဆီချလိုသူတွေ စားသင့်တဲ့ အသီးပါ။ မကောင်းတဲ့ အဆီတွေ မပါဝင်တာကြောင့် စိတ်ချစွာ စားလို့ရပါတယ်။ Antioxidants ပါဝင်မှု မြင့်မားတာကြောင့် ဆဲလ်တွေ ပျက်စီးစေခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နုပျိုလိုသူများ စားဖို့  အကောင်းဆုံးပါ။ ပိုဆက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ဗီ တာမင် စီ၊ ဘီ၊ အီးတို့ ပါဝင်ပြီး အရိုးကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။

Durian

အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ဝမ်းပျော့စေပြီး အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ ဗီတာမင် ဓာတ်ပေါင်းစုတွေကြောင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ အိမ်ထောင်ရေး သုခ ကောင်းမွန်စေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ မဂ္ဂနီးစ်ဓာတ် ပါဝင်တာကြောင့် သွေးထဲက သကြားဓာတ် ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ သံဓာတ်ပါဝင်မှုမှာလည်း ငှက်ပျောသီးထက် များပြီး မီးဖွားပြီးစ မိခင်တွေ ဒူးရင်းသီး စားလို့ ရပါတယ်။

Amino Acid တစ်မျိုးဖြစ်တဲ့ Tryptophan တို့ကြောင့် စိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့ချစေပြီး အိပ်မပျော်ခြင်းကို တားဆီးပေးပါတယ်။ မလိုအပ်တဲ့ free radicals တွေကို တိုက်ထုတ်ပေးပြီး ထိခိုက်ဒဏ်ရာတွေကို ကျက်လွယ်စေတာကြောင့် အရေပြား ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။

Durian

ဒါပေမယ့် ကောင်းကျိုးတွေ ရှိသလို မကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။ အပူစာလို့ ခေါ်တဲ့ ဒူးရင်းသီးကို များများစားရင် အပူကန်ခြင်း၊ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ****အရက်နဲ့ လုံး၀ တွဲမသောက်သင့်တဲ့**** အသီးတစ်မျိုးပါ။ သေဆုံးစေတဲ့ အဆင့်ထိတောင် ရောက်နိုင်ပါတယ်။ တချို့တွေက ကော်ဖီနဲ့ တွဲစားကြပါတယ်။ အန္တရာယ်များတဲ့ စားသောက်မှုပါ။

အပူစာနဲ့ အပူနဲ့ကို တွဲစားသလိုဖြစ်တာကြောင့် အူအတွက် ဒုက္ခရောက်သွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနဲ့ ဆီးချိုသမားတွေတော့ မစားသင့်ပါဘူး။ သွေးတိုးရောဂါ ရှိသူ၊ နှလုံးရောဂါရှိသူတွေ သတိထားစားသင့်ပါတယ်။ တည့်လို့ စားမယ်ဆိုတဲ့ သူတွေလည်း ဘယ်အရာမဆို မျှတစွာ စားသုံးပြီး ကျန်းမာရေး အကျိုးတွေကို ဉာဏ်ရှိသလို ယူသင့်ပါတယ်။ မိုးလေးနည်းနည်း ကျလာရင်တော့ ဒူးရင်းသီးတွေ ပိုစားကောင်းပြီပေါ့။