အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကို အာလူးနဲ့ ရောချက်တာလောက် စားလို့ကောင်းတဲ့ဟင်း မရှိသေးဘူးနဲ့တူတယ်နော်။ ဒါ့အပြင် အုန်းနို့နဲ့ပါ ရောချက်လိုက်မယ်ဆိုရင်တော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ အင်မတန်ကောင်းပါတယ်။ ဒါဆိုရင် ကြက်သားအုန်းနို့ အာလူးဟင်းကို မိနစ်အနည်းငယ်အတွင်း အရသာရှိရှိဘယ်လိုချက်ပြုတ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါသည့် ကြက်ပေါင်သား ၄ တုံး
  • ကြက်သွန်နီတစ်လုံး (ပါးပါးလှီးထားပါ)
  • အာလူး တစ်လုံး
  • ကြက်သွန်ဖြူ ၅ မြွှာ

  • ရယ်ဒီမိတ် အုန်းနို့ စည်သွပ်ဘူးတစ်ဘူး
  • ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဇီရာမှုန့်များကို ဆတူရောထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး အနေတော်အတုံး တုံးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကိုလည်း ပါးပါးလှီးထားပြီး ကြက်သားကိုတော့ ကုဗတုံးပုံသဏ္ဍာန် တုံးထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ဟင်းခတ်မှုန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ထို့နောက် အုန်းနို့ရည်ကို ထိုဒယ်အိုးထဲသို့လောင်းထည့်ပြီး တည်ထားလိုက်ပါ။

၃။ အုန်းနို့ရည် ကျိုနေတဲ့အချိန်မှာ အခြားဒယ်အိုးတစ်လုံးထဲတွင် ကျန်ရှိနေတဲ့ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ထားလိုက်ပါ။ ကြက်သွန်များ နူးညံ့သွားပါက ကြက်သားတုံးများထည့်ပြီး မွှေပေးလိုက်ပါ။ ကြက်သားများ မကျက်တကျက်အချိန်တွင် အာလူးတုံးများထည့်ပြီး ရောမွှေပေးလိုက်ပါ။

၄။ အာလူးထည့်ပြီးနောက် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးပြီးတဲ့အခါ ကြက်သား အာလူးနဲ့ ကြက်သွန်များကို အုန်းနို့ကျိုနေသော ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ မီးအပူချိန်အနည်းငယ်မြှင့်လိုက်ပြီး အုန်းနို့ရည်များ ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးအပူချိန်အနိမ့်ဆုံးအထိလျော့လိုက်ပြီး အဖုံးအုပ်ထားကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

မိနစ် ၃၀ ပြည့်တဲ့အခါမှာတော့ နူးညံ့ပြီး အရသာရှိတဲ့ ကြက်သားအုန်းနို့ အာလူးဟင်းတစ်ခွက် ရရှိသွားပြီဖြစ်ပါတယ်။

Source: Ohsnapletseat.com