ကိုရီးယားကင်မ်ချီထမင်းကြော်ကတော့ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ လူကြိုက်များတာလည်းမပြောနဲ့လေ သူကတော်တော်စားလို့ကောင်းတာကိုး။ အပြင်မှာဆိုရင် ဈေးကြီးပေးပြီးစားရတာမို့ အိမ်မှာသာလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ထားလိုက်ရင် ခဏခဏလုပ်စားလို့ရနေမှာပါ။ ဒါကြောင့် အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရစေဖို့ ကင်မ်ချီထမင်းကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကိုရီးယားကင်မ်ချီထမင်းကြော် စတင်ပြုလုပ်ဖို့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးတာနဲ့ သေးသေးလေးတွေလှီးထားတဲ့ Bacon (ဝက်ပေါင်ခြောက်) ကို ၁၂၀ ဂရမ်ထည့်ကြော်ပေးပါ။ လှီးထားတဲ့ကင်မ်ချီ – ၂၀၀ ဂရမ်ကိုလည်း ထည့်ကြော်ပါ။

နောက်တစ်ဆင့်အနေနဲ့ ချက်ပြီးသားထမင်း – ၅၀၀ ဂရမ်ကိုလည်း ထည့်ကြော်ပေးပါ။ နှံ့အောင်သေချာလေးမွှေပေးဖို့တော့ လိုပါတယ်။ ပြီးတာနဲ့ ကင်မ်ချီအရည် (Kimchi Juice) – ၅၀ မီလီလီတာ၊ ပဲဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ဆီအနှစ် – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ။ အားလုံးနှံ့အောင်မွှေပြီးရင်တော့ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်မြိတ် – တစ်တောင့်ကို ထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ ပန်းကန်ထဲခူးထည့်လိုက်လို့ ရပါပြီ။

သေချာလေးပြင်ဆင်ပြီးစားချင်တယ်ဆိုရင်တော့ ကြက်ဥတစ်လုံးကို အနှစ်မကျက်တကျက်လေးကြော်ပြီး ထမင်းပေါ်တင်ပါ။ ပြီးရင်တော့ ရေညှိချောင်းကို သေးသေးလေးတွေလှီးပြီး အပေါ်ကနေဖြူးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်နေတဲ့ ကိုရီးယားကင်မ်ချီထမင်းကြော်ကို ရရှိသွားပါပြီ။

Photo Source: theMEATMENchannel.com