ကိုရီးယားကြက်ဥလိပ်ဆိုရင်တော့ တော်တော်များများကလည်း ကြိုက်နှစ်သက်ကြပါတယ်။ တချို့ဆိုရင် ထမင်းနဲ့တောင်တွဲပြီး စားသုံးကြတာကို တွေ့ရပါတယ်။

ဒီလိုလူကြိုက်များပြီး စားကောင်းတဲ့ ကိုရီးယားကြက်ဥလိပ်ကြော်ကို အလွယ်ကူဆုံးနည်းလမ်းနဲ့ ဘယ်လိုကြော်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ကိုရီးယားကြက်ဥလိပ်ကြော်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ – ၄ လုံး၊ ကြက်သွန်နီ – ၁၀ ဂရမ်၊ မုန်လာဥနီ – ၁၀ ဂရမ်၊ ကြက်သွန်မြတ်အသေး – ၁ ပင်၊ ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil) – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆန်အရက် ( Rice Wine) – စားပွဲတင်ဇွန်း အနည်းငယ်၊ ဆား – အနည်းငယ်နဲ့ သကြား – အနည်းငယ်တို့ လိုအပ်ပါတယ်။

Source: www.handycook.com

စတင်ပြုလုပ်ဖို့အတွက် ကြက်သွန်နီ၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ်အသေးတို့ကို ပါးပါးသေးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးပါ။ ပြီးတာနဲ့ ပန်းကန်လုံးအကြီးထဲကို ကြက်ဥ ၄ လုံးဖောက်ထည့်ပြီး ဆန်အရက် ( Rice Wine)၊ ဆားနဲ့ သကြားတို့ကို ထည့်ပြီးမွှေပေးပါ။ ခုနကနုတ်နုတ်စင်းထားတာတွေကိုပါ ထည့်မွှေပေးပါ။

Source: www.handycook.com

ကြော်ဖို့အတွက် ဒယ်အိုးထဲကို ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil) – စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး ဒယ်အိုးမှာနှံ့သွားအောင် ဒယ်အိုးကိုလှုပ်ရမ်းပြီးရင်တော့ ဆီတွေကို ပန်းကန်ထဲပြန်ထည့်ထားလိုက်ပါ။ ပြီးတာနဲ့ ကြက်ဥကို သုံးပုံ ပုံ တစ်ပုံစာထည့်ပြီး ဒယ်အိုးမှာနှံ့သွားအောင် လှုပ်ပေးပါ။ အပူရှိန်ကို စတည်ထာထဲက လျှော့ထားဖို့လိုပါမယ်။

Source: www.handycook.com

ရလောက်ပြီဆိုရင်တော့ ကြက်ဥကိုပုံမပျက်အောင် သေချာသတိထားပြီးလိပ်ပေးပါ။ ပြီးရင်တော့ အိုးကို ဆီထပ်သုတ်ပြီး ကျန်တဲ့ကြက်ဥကို တစ်ဝက်စာထပ်ထည့်ပေးပါ။ ပြီးရင်ထပ်လိပ်ပါ။

Source: www.handycook.com

နောက်ဆုံးကျန်တဲ့ကြက်ဥတွေကို ထပ်ထည့်ပြီး ခုနကလိုပဲ လိပ်ပေးပါ။

Source: www.handycook.com

နောက်ဆုံးမှာတော့ ကြက်ဥရသွားပြီဖြစ်တဲ့အတွက် ပုံမပျက်အောင်ခူးထုတ်ပြီး လှီးပေးပါ။ လှီးတဲ့အခါမှာလည်း လှလှပပနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်ချင်ရင်တော့ အထူကို ၁.၅ စင်တီမီတာလောက်ထားပြီး လှီးပေးပါ။

Source: www.handycook.com

ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကိုရီးယားကြက်ဥလိပ်ကြော်လေးကို ရသွားပြီဖြစ်တဲ့အတွက် ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားနိုင်ပါပြီ။

Source: www.handycook.com