အစားအသောက် ပြင်ဆင်ချက်ပြုတ်သူတစ်ယောက်အနေနဲ့ ကြက်ဥ လတ်မလတ် သိချင်တဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ စမ်းသပ်ရမလဲ၊ သစ်သီးတွေ အမှည့်မြန်ချင်တဲ့အခါ၊ နွမ်းဖတ်သွားတဲ့ ဟင်းသီးဟင်းရွက်များကို ပြန်လည်လတ်ဆတ်စေချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်များကို ဝေမျှပေးချင်ပါတယ်။

ကြက်ဥက ကောင်းသေးရဲ့လား၊ ပုပ်သွားပြီလားဆိုတာ သိချင်တဲ့အခါ

ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်ထဲသို့ ကြက်ဥထည့်လိုက်ပါ။ ကြက်ဥက ဖန်ခွက်အောက်ခြေထိ နှစ်မြှုပ်သွားတယ်ဆိုရင်တော့ လတ်ဆတ်တဲ့ကြက်ဥပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ကြက်ဥက ရေပေါ် ပေါလောပေါ်နေမယ်ဆိုရင်တော့ ဒီကြက်ဥက မလတ်ဆတ်တဲ့ကြက်ဥပဲဖြစ်ပါတယ်။

ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်သစ်သီးဝလံများကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံချင်တယ်ဆိုရင်

သစ်သီးနဲ့ ရေခဲသေတ္တာရဲ့ မျက်နှာပြင်ကြားမှာ စက္ကူပုဝါနဲ့ ခင်းထားပေးလိုက်ပါ။ သစ်သီးတွေကို အလျင်အမြန်ပုပ်သိုးသွားစေတဲ့ ရေခိုးရေငွေ့များကို ထိုပုဝါက စုပ်ယူပေးပါလိမ့်မယ်။

သံပုရိုသီးကို အလဟဿမဖြုန်းတီးချင်ဘူးဆိုရင်

သံပုရိုရည် တစ်စက်၊ နှစ်စက်လောက်ပဲ ယူမယ်ဆိုရင် သံပုရိုသီးကို ထက်ခြမ်းခြမ်းတာမျိုး မပြုလုပ်ပါနဲ့။ သံပုရိုသီးကို ထက်ခြမ်းခြမ်းခြင်းက အသီးရဲ့ အရည်တွေ အငွေ့ပျံသွားပြီး အခြောက်မြန်စေပါတယ်။ မိမိလိုအပ်တဲ့ ပမာဏသေးသေးလေးပဲ လှီးဖြတ်ပါ။ ဒါမှမဟုတ် သတ္တုတံစို့နဲ့ အပေါက်ဖောက်ပေးလိုက်ပါ။

အစားအစာထဲက အင်းဆက် ပိုးမွှားများကို ဖယ်ရှားချင်တဲ့အခါ

ဆန်အိုးထဲမှာ၊ ဒါမှမဟုတ် ဂျုံမှုန့်ထည့်ထားတဲ့ ပုလင်းထဲမှာ အင်းဆက် ပိုးကောင်လေးတွေတွေ့လို့ စိတ်ညစ်နေပါသလား။ ဆန်အိုးထဲ၊ ဂျုံပုလင်းထဲကို လေညှင်းရွက် ထည့်ထားလိုက်ပါ။ ပိုးကောင်များ ဝေးဝေးပြေးသွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်များ ကြွပ်ဆတ်မှုမရှိတော့တဲ့အခါ

မုန်လာဥဖြူ၊ မုန်လာဥနီစတဲ့ ဟင်းသီးဟင်းရွက်များ ကြွတ်ဆတ်မှုမရှိတော့ဘဲ နွမ်းဖတ်သွားမယ်ဆိုရင် ရေခဲရေထဲထည့်စိမ်ထားလိုက်ပါ။ ထိုရေခဲရေထဲသို့ ပါးပါးလှီးထားသော အာလူးအနည်းငယ်ထည့်ပေးလိုက်ပါ။ သင့် မျက်စိရှေ့မှာပဲ သစ်သီးများ ပြန်လည်စိမ်းစိုလာတာကို တွေ့မြင်ရပါလိမ့်မယ်။

ငှက်ပျောသီးများ အမှည့်မြန်ခြင်းမှ ကာကွယ်ဖို့အတွက်

 

ငှက်ပျောသီးများ အမှည့်လွန်ပြီး အညိုအမဲစွဲသွားခြင်းမှ ကာကွယ်ဖို့ဆိုရင် ငှက်ပျောသီးများကို အခိုင်လိုက်ထားထားပါ။ ငှက်ပျောသီးများကို မစားဘဲနဲ့ တစ်လုံးစီဖြုတ်ထားတာမျိုး မပြုလုပ်ပါနဲ့။

နို့ထွက်ပစ္စည်းများကို ဘက်တီးရီးယားများရန်မှ ကာကွယ်ဖို့အတွက်

ချိစ်များ၊ ခရင်မ်များ စတဲ့ နို့ထွက်ပစ္စည်းများ သိုလှောင်ထားတဲ့ ဘူးများကို ရေခဲသေတ္တာထဲ ထည့်တဲ့အခါ ဘူးကို ဇောက်ထိုးထည့်ထားပါ။ ဘက်တီးရီးယားများ ဝင်ရောက်ပြီး အစားအစာများကိုပျက်စီးပစ်မှာမဟုတ်တော့ပါဘူး။

သစ်သီးများကို အမှည့်မြန်စေချင်တဲ့အခါ

တစ်ညတည်းနဲ့ သစ်သီးများကို မှည့်စေချင်တယ်ဆိုရင်တော့ ထိုသစ်သီးများကို စက္ကူအိတ်ထဲထည့်ပြီး ပန်းသီးများနဲ့ အတူတူထည့်ထားလိုက်ပါ။ ပန်းသီးထဲမှာပါတဲ့ Ethylene ဓာတ်ငွေ့က သစ်သီးများကို အမှည့်မြန်စေဖို့ ကူညီပေးပါတယ်။

Source: countryliving.com