အိမ်ထောင်ရှင်မတစ်ယောက်အတွက် ၊ မီးဖိုချောင်တာဝန်ကို ယူထားရတဲ့သူအတွက် အစားအသောက် အလေအလွင့်မရှိဖို့ဟာ အရေးကြီးပါတယ်။ အစားအသောက် အလေအလွင့်ဖြစ်တာဟာ မိမိ မိသားစုရဲ့ ဝင်ငွေကိုလည်း အနည်းနဲ့ အများဆိုသလို ထိခိုက်သလို သဘာဝပတ်ဝန်းကျင်ကိုပါ ဆိုးကျိုး သက်ရောက်စေပါတယ်။

ဒါ့ကြောင့် အစားအသောက် အလေအလွင့်မရှိစေအောင် ဘယ်လိုနည်းလမ်းကောင်းတွေ ကျင့်သုံးရမလဲဆိုတာကို အနည်းငယ် အကြံပြုချင်ပါတယ်။

၁။ ကြက်ဥကို တာရှည်ခံအောင်

ကြက်ဥကို အထားခံအောင် ရေခဲသေတ္တာထဲမထည့်ခင်မှာ သံလွင်ဆီနဲ့ အနည်းငယ် သုတ်ပေးလိုက်ပါ။ အဲဒီလိုသုတ်ပေးတာဟာ ၃ ပတ် ၄ ပတ်လောက် အထားခံပါတယ်။

၂။ ဆားငန်သွားတဲ့ဟင်းများ

ကိုယ်ချက်တဲ့ ဟင်းလျာ ဆားငန်သွားရင် စိတ်မပူပါနဲ့။ အဲဒီဟင်းလျာကို ပစ်လိုက်စရာမလိုပါဘူး။ အာလူးကို အခွံနွှာလိုက်ပြီး အိုးထဲထည့်လိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားလိုက်ပါ။ အငန်ဓာတ်ကို စုပ်ယူပေးသွားပါလိမ့်မယ်။

၃။ Mayonnaise ဘူးကပ်ကျန်တဲ့အခါ

Mayonnaise ဘူးကပ်ကျန်ခဲ့အခါ ရှလကာရည် (သို့) သံပုယိုရည် နည်းနည်းကိုထည့်လိုက်ပြီး ကလော် သုံးလို့ရပါတယ်။

၄။ ဘယ်ရီသီးတွေ အထားခံအောင်

ဘယ်ရီသီးတွေ အထားခံအောင် ရေနဲ့ဆေးရာမှာ ပန်းသီရှလကာရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ရေသေချာဆစ်ပြီး လေလုံတဲ့ဘူးထဲထည့်ထားပြီး ရေခဲသေတ္တာထဲထည့်ထားလို့၇ပါတယ်။

၅။ ကြက်သွန်ဖြူ ကြက်သွန်နီတွေကို အထားခံအောင်

ကြက်သွန်ဖြူ ၊ကြက်သွန်နီတွေကို ဒီအတိုင်း အပြင်မှာထားထားရင် အမြစ်တွေပေါက်လာတတ်ပါတယ်။အဲဒီလိုမဖြစ်အောင် ကြက်သွန်ရဲ့အရသာလည်း လတ်ဆတ်နေအောင် အပေါက်သေးသေးလေးတွေပါတဲ့ စက္ကူအိတ်ထဲ ထည့်ထားလိုက်ပါ။

၆။ ထောပတ်သီး တစ်ခြမ်းကို အထားခံအောင်

ထောပတ်သီး တစ်ခြမ်းစားပြီး ကျန်တဲ့တစ်ခြမ်းကိုအထားခံအောင် ကြက်သွန်နီတစ်လုံးနဲ့အတူ ဘူးကြီးတစ်ဘူးထဲ ထည့်သိမ်းထားလိုက်ပါ။

၇။ ကြက်သွန်မြိတ်၊ နံနံပင်တွေကို အထားခံအောင်

Foil စက္ကူနဲ့ သေချာလေး ထုတ်သိမ်းထားလို့ရပါတယ်။

၈။ ငှက်ပျောသီး

ငှက်ပျောသီးကို အထားခံအောင် ငှက်ပျောသီးထိပ်က ကိုင်းကို ပလတ်စတစ်နဲ့ အုပ်ထားလိုက်ပါ။ ၃ ရက် (သို့) ၄ ရက်လောက် အထားခံတာတွေ့ရမှာပါ။

၉။ ကော်ဖီမှုန့်အကြမ်းတွေကိုပြန်သုံးမယ်

ကော်ဖီနှပ်သောက်တဲ့သူတွေအတွက် ကော်ဖီနှပ်ပြီး ကျန်တဲ့ အမှုန့်တွေကို အလှအပအတွက် ထပ်ပြီးသုံးလို့ရပါတယ်နော်။ မျက်နှာမှာလိမ်းပြီး ခပ်ဖွဖွလေး ပွတ်ပေးလို့ရသလို ခန္ဓာကိုယ်အနှံ့ကိုလည်း လိမ်းပြီး ခပ်ဖွဖွလေး ပွတ်ပေးခြင်းဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို လှပစေမှာပါ။