ငါးထမင်းနယ်ဆိုတဲ့ အစားအစာဟာ လူတိုင်းနဲ့ စိမ်းမနေတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှမ်းပြည် သွားရင် မစားမဖြစ် အစားအစာ တစ်မျိုးကတော့ ငါးထမင်းနယ်ပဲ ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းက အင်းလေး ဒေသအစားအစာ တစ်ခုလည်း ဖြစ်ပြီး စားဖူးသူတိုင်း နှစ်သက်ကြတဲ့ ရိုးရာ အစားအစာ တစ်ခုပါ။ ငါးထမင်းနယ်ကို ဆန်လှော်ဆေးခါးဟင်းရည်၊ ပဲပုပ်ကြော်၊ ငရုတ်သီးတောင့်ကြော်နဲ့ ဂျူးမြစ်တို့နဲ့ တွဲဖက်ပြီး စားရတဲ့ အစားအစာပါ။ ငါးမကြိုက်သူတွေတောင် ဒီငါးထမင်းနယ်ကိုတော့ စားကြပါတယ်။ ရှမ်းပြည်နယ် အင်းလေးဒေသဟာ နိုင်ငံခြားသားတွေ လာရောက် လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ရောက်လာကြတဲ့ သူတိုင်း အင်းလေးဒေသစာ ငါးထမင်းနယ်၊ ငါးဒုက္ခ၊ ရှမ်းခေါက်ဆွဲ၊ အင်းမုန့်ဟင်းခါး၊ ဝက်သားချဉ်၊ ဟင်းထုပ် အစရှိတဲ့ ဒေသထွက် အစားအစာတွေကို နှစ်သက်စွာ
စားသုံးကြပါတယ်။

ရိုးရာအစားအစာ တစ်ခု ဖြစ်တဲ့ ငါးထမင်းနယ်ဟာ ငါးကို အဓိက ထားပြီး ပြုလုပ်ထားခြင်း ဖြစ်ပြီး လုပ်ရတာ လွယ်ကူမြန်ဆန်တဲ့ အတွက် ကိုယ်တိုင် လုပ်စားမယ်ဆိုရင်လည်း သိပ်မခက်ခဲတဲ့ အစားအစာ တစ်မျိုးပါ။ အင်းထဲမှာတော့ ဒေသထွက် ငါးဖိန်းငါးနဲ့ ပြုလုပ်တာ ဖြစ်ပေမယ့်
ငါးရံ့နဲ့လည်း ပြုလုပ်လို့ ရပါတယ်။ ငါးရဲ့ လတ်ဆတ်တဲ့ အချိုနဲ့ ရှမ်းဆန်ကို ရောစပ်ပြီး အဓိက ပြုလုပ်ရတာပါ။

ငါးထမင်းနယ် တစ်ပွဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • ငါး (ငါးရံ့ ဒါမှမဟုတ် ဇလားဘီယားငါး)
  • ရှမ်းဆန်
  • ခရမ်းချဉ်သီး
  • ဂျူးမြစ် (သို့)ဂျူးဖူး
  • ငရုတ်သီးခြောက်
  • ကြက်သွန်မြိတ်
  • ကြက်သွန်ဖြူဆီချက်
  • ငှက်ပျောဖက်
  • နံနံပင်
  • ဆား
  • ဆီ
  • နနွင်း

တို့ပဲ ဖြစ်ပါတယ်။

ငါးထမင်းနယ် ချက်ရာမှာ အဓိက ဖြစ်တဲ့ ငါးနဲ့ ထမင်းကို အရင်ဆုံး ပြင်ဆင်ရပါတယ်။ ငါးကို ရေဆေးပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားတို့နဲ့ အကောင်လိုက် ပြုတ်ရပါတယ်။ ပိုမွှေးချင်ရင်တော့ စပါးလင်လေးပါ ထည့်ပြုတ်လို့ ရပါတယ်။ ခရမ်းချဉ်သီးက အနှစ်ထည့်ရမှာဖြစ်လို့ ညက်အောင် တောက်တောက်စင်း ဒါမှမဟုတ်ကြိတ်ထားရင် ပိုအဆင်ပြေပါတယ်။ အရောင်ပိုလှချင်ရင်တော့ ခရမ်းချဉ်သီးကို ဆီနည်းနည်းနဲ့ ဆီသတ်လိုက်ပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ဆီချက် ချက်ထားပါ။ တွဲဖက်စားရမယ့် ငရုတ်သီးတောင့်နဲ့ ပဲပုပ်တွေကို မီးအေးအေးနဲ့ ကြော်ထားပါ။

ကောက်ညှင်းလို့ စေနေတဲ့ ရှမ်းဆန်ကို သိပ်မပျော့အောင် ချက်ပြီး အအေးခံထားပါ။ ပြုတ်ထားတဲ့ ငါးတွေကို အရိုးနွှင်ပြီး မွမွလေး ဖြစ်အောင်  ဖွထားလိုက်ပါ။ ပါဝင်ပစ္စည်းတွေ စုံသလောက် ဖြစ်ပြီဆိုရင်တော့ ချက်ထားတဲ့ ထမင်းကို ခရမ်းချဉ်သီးအနှစ်၊ ငါးပြုတ်၊ ဆီချက်၊ ဆားတွေနဲ့
ရောနယ်ပြီး အလုံးလေးတွေ လုံးထားလိုက်ပါ။ ဒါပေမယ့် တချို့ နေရာတွေမှာတော့ ထမင်းကိုပဲ အရသာနယ်ပြီး ငါးတွေကို အပေါ်ကနေ မွမွလေး ဖြစ်အောင် ဖြူးပြီးလည်း စားပါတယ်။
စားမယ်ဆိုတော့မှ ပန်းကန်ပြားပေါ် ငှက်ပျောဖက်လေး ခင်းပြီး ငါးထမင်းနယ်လုံးပေါ်မှာ နံနံပင်နဲ့ ကြက်သွန်မြိတ်လေး ဖြူးပေးပါ။ ဘေးကနေ ငရုတ်သီးခြောက်ကြော်နဲ့ ပဲပုပ်ကြော်လေး ထည့်ပြီး စားရပါတယ်။ ဂျူးမြစ် ဒါမှမဟုတ် ဂျူးဖူးကိုလည်း တွဲစားဖို့ မမေ့ပါနဲ့။ ဟင်းရည်သောက်အဖြစ်
ဆေးခါးဟင်းရည်နဲ့ တွဲသောက်ကြပါတယ်။ တစ်ချို့နေရာတွေမှာတော့ ပဲပုပ်ချက်နဲ့ တွဲစားကြပါတယ်။  ရှမ်းပြည်မှာဆိုရင်တော့ ဒေသသံ ဝဲ၀ဲလေးတွေ နားထောင်ရင်း၊ အခါးရည်လို့ သူတို့ခေါ်ကြတဲ့ ရေနွေးကြမ်းလေး သောက်ရင်းနဲ့ ငါးထမင်း မွှေးမွှေးလေး စားပြီး သဘာ၀ တရားကိုလည်း ခံစားလို့ ရပါသေးတယ်။

Photo Credit: Wakhama