ချစ်သူသက်တမ်း အခုမှ အသစ်စက်စက် ပူပူနွေးနွေးဖြစ်သူနေသူတွေရော နှစ်ပေါင်းများစွာ သစ္စာရှိရှိတွဲလာတဲ့သူတွေအတွက်ရော ချစ်သူများနေ့ (Valentine´s Day) မှာတော့ ထူးခြားနေမှာပါ။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ချစ်သူတွေအတွက် အထိမ်းအမှတ်နေ့လေးဖြစ်ပါတယ်။

ဒီလိုနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်နိုင်ဖို့ ကိုယ်စားတဲ့အစားအစာက အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်ပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေ စားမိလိုက်ရင် ပါးစပ်က နံဆော်သွားတတ်ပါတယ်။ တချို့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူရဲ့ အနံ့က သွားတိုက်ရင်တောင် မပျောက်တတ်ပါဘူး။

ဒါ့ကြောင့် ချစ်သူလေးနဲ့ ကြည်ကြည်နူးနူး နေထိုင်ပြောဆိုဖို့အတွက် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ရှောင်သင့်ပါတယ်။

ကော်ဖီ

ကော်ဖီက သောက်လေ့ရှိသူမဟုတ်ရင်တော့ အစာအိမ်စနစ်ကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် ဆိုးဆိုးရွားရွားဗိုက်အော့တာတို့၊ အစာမကြေတာတို့ ၊ရင်တုန်တာ စတာတွေဖြစ်တတ်ပါတယ်။

ချစ်သူက ကော်ဖီဆိုင်လှလှလေးခေါ်သွားရင်လည်း ကော်ဖီမဟုတ်ဘဲ နွားနို့ဖြစ်ဖြစ် တခြား အအေးဖြစ်ဖြစ် သောက်သုံးလို့ရပါတယ်။

အရမ်းစပ်တဲ့ ဟင်းလျာတွေ

ချစ်သူများနေ့ (Valentine´s Day) မှာတော့ စပ်တဲ့ ဟင်းလျာတွေ မစားပါနဲ့။ မိတ်ကပ်လှလှလေးပြင်ထားပြီး စပ်တဲ့အစားအစာတွေစားရင် ချွေးတွေပြန်ကာ အလှပျက်နိုင်ပါတယ်နော်။

ကိုယ့်ရဲ့ လှပမှုကို ချစ်သူရဲ့ မျက်လုံးထဲမှာ စွဲကျန်ရစ်ချင်ရင်တော့ ဒီအစားအစာတွေရှောင်ကြဉ်ပါ။

ဂဏန်းမစားပါနဲ့

ပင်လယ်စာ (Seafood) က လူတိုင်း ကြိုက်နှစ်သက်ပေမယ့် ချစ်သူများနေ့ (Valentine´s Day) မှာတော့ မစားသင့်ပါဘူး။ သက်တမ်းကြာပြီး တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ချစ်သူတွေအတွက်တော့ အရမ်းပြဿနာမရှိပေမယ့် အခုမှ လတ်လတ်ဆတ်ဆတ် ချစ်သူဖြစ်ခါစတွေအတွက်တော့ မကောင်းပါဘူး။

ဂဏန်းက ဒီအတိုင်း လက်နဲ့ကိုင်စားမှ အဆင်ပြေတာကြောင့် ချစ်သူများနေ့မှာတော့ ဒီလို စတိုင်လ်ပျက်မယ့် အစားအစာတွေမစားသင့်ပါဘူး။