နွေရဲ့ သရုပ်ဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ပီပြင်လာပါပြီ။ တစ်နေ့ထက် တစ်နေ့ ပိုပူလာတဲ့ ခံစားချက်ကို အပြင်ထွက်တဲ့ အခါတိုင်း ခံစားမိလာကြမှာပါ။ ဒီလို ပူပြင်းတဲ့ နွေရာသီမှာ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ဟာ ပိုပြီး ခန်းခြောက်လွယ်ပါတယ်။ ရေဓာတ်ခန်းတဲ့ အခါ ရေငတ်တဲ့ ခံစားမှုမျိုးကို ခံစားရတတ်ပါတယ်။ လူတော်တော်များများဟာ ရေငတ်တဲ့ အခါ အချိုရည် သောက်လိုက်တာမျိုးနဲ့ ရေခဲရေ သောက်လိုက်တာမျိုးကို လုပ်တတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။

ရေငတ်တဲ့ အခါ အချိုရည် သောက်သုံးခြင်းဟာ ကျောက်ကပ်ကို ထိခိုက်တယ် ဆိုတာ မမေ့သင့်ပါဘူး။ တချို့ကတော့ ကော်ဖီ ဒါမှမဟုတ် အယ်ကိုဟော ပါတဲ့ဟာ တစ်မျိုးမျိုးကို သောက်တတ်ကြပါတယ်။ ဒီလို သောက်သုံးခြင်းဟာ ရေဓာတ်ကို ပိုခန်းခြောက်လွယ်ပါတယ်။

နွေရာသီမှာ အပြင်ထွက်တဲ့ အခါ ရေဓာတ် ဆုံးရှုံးမှုတွေ၊ အသားအရေ ပျက်စီးမှုတွေနဲ့ ဗီတာမင် လိုအပ်ချက်တွေ အကြောင်းကို သိထားသင့်ပါတယ်။ ဒါတွေ အတွက် ရိုးရှင်းတဲ့ နည်းလမ်းကတော့ ရေသောက်ပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သောက်ပါ။

Juices တွေ သောက်ပါလို့” အာဟာရ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ရိုးရိုးရေကို တစ်နေ့ ၈ခွက် သောက်ပေးတာ အကောင်းဆုံး နည်းလမ်းပါ။ ချွေးထွက်များသူတွေ အတွက်တော့ ဓာတ်ဆားရည်ပါ သောက်သုံးပေးပါက ပိုသင့်တော်တဲ့ နည်းလမ်းပါ။ ဒါမှမဟုတ် အရသာ ရှိတဲ့ ဖျော်ရည်မျိုး သောက်ချင်တယ်ဆိုရင်တော့ နွေရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အကူအညီပေးတဲ့ ဖျော်ရည် ၃မျိုးကို ဖော်ပြပေးပါမယ်။ အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်လို့ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

Minty Lemonade

Source: The Little Monster Blog

အကြိုက်ဆုံး ဖျော်ရည်ပါ။ လုပ်ရတာ လွယ်ကူပြီး အရသာ ရှိတဲ့ ဖျော်ရည်ပါ။ ဝိတ်ထိန်းနေတဲ့ လူတွေ အတွက်လည်း သင့်လျော်သလို Vitamin C ပါဝင်တဲ့ အတွက် လန်းဆန်းမှု ကိုလည်း ခံစားစေနိုင်မှာပါ။ ချိုချဉ် အရသာနဲ့ ပူစီနံ အနံ့သင်းသင်းလေးဟာ သင့်ကို ပိုသောက်မိအောင် စွဲဆောင်နိုင်စွမ်း ရှိပါတယ်။

ပါဝင်သည့် ပစ္စည်းများ
– သံပုယိုသီး (သံပုရာသီးလည်း ရပါတယ်) ၃လုံး
– ပူစီနံရွက် ၁၀ရွက်
– ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း

ပြုလုပ်ပုံ
– ရေ ၁လီတာကို အဝကျယ် ရေကရားထဲ ထည့်ပါ။ သံပုယိုသီး ၂လုံကို ညှစ်ထည့်ပါ။ ပျားရည် တစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။
– သံပုယိုသီး ၁လုံးကို အခွံမနွှာဘဲ အကွင်းလိုက် လှီးပြီး ထည့်ပါ။ ရေဆေးပြီး သန့်စင်ထားတဲ့ ပူစီနံရွက်လေးတွေကို ရောထည့်လိုက်ပါ။ ဒါဆို အနံ့လေး မွှေးပြီး ချိုချဉ်အရသာ ရှိတဲ့ Lemonade လေးကို သုံးဆောင်နိုင်ပါပြီ။

ဖရဲသီး ဖျော်ရည်

ဖရဲသီးဟာ နွေရာသီ အတွက် အသင့်တော်ဆုံး အသီးတစ်မျိုး ဆိုရင် မမှားပါဘူး။ အစိမ်းစားရင်တောင် အရည်ရွှမ်းတဲ့ အသီးမို့ နွေရာသီမှာ စားသင့်တဲ့ အသီးပါ။ အခုပြောပြမယ့် ဖရဲသီးဖျော်ရည်ကလည်း အရသာ ရှိပြီး ပူလောင်တဲ့ နေ့တွေမှာ ရင်အေးစေမယ့် ခံစားချက်ကို ခံစားရနိုင်ပါတယ်။ Vitamin A, B6 နဲ့ အင်တီအောက်ဆီဒင့်၊ ပိုတက်ဆီယမ်တို့ ပါဝင်တဲ့ အတွက် ရေဓာတ်ပြည့်ဝစေပြီး အသားအရည် စိုပြေစေပါတယ်။

ပါဝင်သည့် ပစ္စည်းများ
– ဖရဲသီး
– အရည်ကျိုပြီးသား သကြားရည် ဖန်ခွက် 1/2 ခွက် (ဖန်ခွက် တစ်ဝက်)
– ပူစီနံရွက် အနည်းငယ်

ပြုလုပ်ပုံ
– ဖရဲသီးကို အခွံနွှာပြီး အစေ့ထုတ်ပါ။ ပြီးရင် ရေအေး ၄ခွက် ဒါမှမဟုတ် ရေခဲတုံး အနည်းငယ်နဲ့ အတူ Blender ထဲ ရောမွှေ ကြိတ်ပါ။ ကြေညက်သွားအောင် ကြိတ်ပြီး အဝကျယ် ရေကရားထဲ ထည့်ပါ။
– ရေအေး ၅ခွက်နဲ့ သကြားရည် ထပ်ထည့်ပြီး ပူစီနံရွက်လေးတွေ ထည့်လိုက်ရင် အရသာ ရှိတဲ့ ဖရဲသီးဖျော်ရည်ကို ရပါပြီ။

အုန်းရေ

အုန်းရေဟာ ရေဓာတ်ပြည့်ဝစေတယ် ဆိုတာ သင် သိပါရဲ့လား။ ပိုတက်ဆီယမ် ပါဝင်တဲ့ အတွက် ချွေးထွက်ပြီး ဆုံးရှုံး သွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ အနောက်နိုင်ငံတွေ မှာတော့ အုန်းရေ ၂ခွက်ကို အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း ရောပြီး ရေခဲနဲ့ သောက်ကြပါတယ်။ ဒီမှာတော့ အုန်းရေ သီးသန့် သောက်တာများပါတယ်။ ဒါပေမယ့် အာနိသင်ကတော့ အတူတူပါပဲ။

သင်ဟာ ရေငတ်တဲ့ အချိန်မှာ ကော်ဖီ၊ အချိုရည်နဲ့ ဘီယာ/အရက်တို့ သောက်သုံးတဲ့ လူဆိုရင် နည်းနည်းစီ လျှော့ပြီး ဒီဖျော်ရည်လေးတွေကို သောက်ကြည့်လိုက်ပါ။ စိတ်ရောကိုယ်ရော လန်းဆန်းစေပြီး အသားအရေလည်း ပိုပြီး စိုပြေလာပါလိမ့်မယ်။ ဝိတ်ထိန်းနေသူတွေ အတွက်လည်း အကျိုး မယုတ်စေမယ့် ဖျော်ရည်လေးတွေနော်။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာပြီး အလှတိုးနိုင်ကြပါစေ။

Credit: www.mindbodygreen.com