မုန့်သရေစာများကို စားရတာနှစ်သက်လိုသူတို့ အထူးသဘောတွေ့မည့် ဟင်းချက်နည်းတစ်ခုဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများလည်း ပါဝင်တာနည်းပါးပြီး လက်မဝင်တာကြောင့် အချိန်အနည်းငယ်အတွင်း အရသာရှိတဲ့သရေစာဟင်းတစ်ပွဲ ရရှိနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဖီးကြမ်းငှက်ပျောသီး (အမှည့်) – ၂၀ လုံး

ဆီ – ၂၀ ကျပ်သား

သကြား – ၅ ကျပ်သား

ပြုလုပ်ပုံအဆင့်ဆင့်

ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ပျော်ပျော်ကို အခွံမခွာခင် အလုံးလိုက် အဝတ်ဖြင့်သုတ်ကာသန့်စင်ပါ။ ပြီးမှ အခွံများနွှာပြီး ခွက်တစ်ခုထဲသို့ ပုံမပျက်ထည့်ထားပါ။

ပူနေပြီဖြစ်သော ဒယ်အိုးတွင် ဆီထည့်၍ ဆီပူလာလျှင် ငှက်ပျောသီးတစ်လုံးစီ ဖြည်းဖြည်းထည့်၍ ဆီမြုပ်အောင်ကြောပါ။ နီရောင်သမ်းလာလျှင် ဆန်ခါပေါက်ပါဂေါ်ပြားဖြင့် ဆယ်ယူပြီး ဆီစုပ်စက္ကူခင်းထားသောဗန်းပေါ် ခေတ္တတင်ထားပါ။

ပြီးလျှင် တင်ထားမည့်ပန်းကန်ပြားတွင် ငှက်ပျောသီးကြော်များကို စီ၍တင်ပြီး သကြားနှံ့အောင် ဖြူးရပါမယ်။ ငှက်ပျောသီးကို မုန့်နှစ်မပါဘဲ အချိုသက်သက်ကြော်ထား၍ ငှက်ပျောသီးကဗျာလွတ်ကြော်ဟု ခေါ်ဝေါ်တင်စားခြင်းဖြစ်ပါတယ်။

ယခုဖော်ပြထားသည့် ပမာဏမှာ လူ ၂၀ ဦးစာဖြစ်တာကြောင့် အိမ်သားအရေအတွက်ပေါ်မူတည်ပြီး ပါဝင်ပစ္စည်းပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။