အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာတွေကို အကြော်တွေ၊ အကင်ပြုလုပ်နည်းတွေပဲ ဝေမျှနေတယ်၊ စွပ်ပြုတ်ဟင်းရည်ပြုလုပ်နည်းလေးတွေလည်း ပြောပြပေးပါဦးဆိုတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ အရသာဆိမ့်ဆိမ်းလေးနဲ့ သောက်လို့ကောင်းတဲ့ ဝက်ပေါင်ခြောက် အာလူးဟင်းရည်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အတုံးခပ်သေးသေး တုံးထားသည့် ဝက်ပေါင်ခြောက် ပန်းကန်လုံး ၂ လုံးစာ
  • အာလူး ၃ လုံး
  • ထောပတ်အနည်းငယ်
  • တရုတ်နံနံ အနည်းငယ်

Photo Source: www.goodalefarms.com

  • မုန်လာဥ ၂ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံး တစ်ဝက်ခန့်
  • ရေ ပန်းကန်လုံး ၂ လုံးစာ

Photo Source: www.goodtoknow.co.uk

  • ကြက်ပြုတ်ရည် (သို့) ဝက်နံရိုးပြုတ်ရည် ပန်းကန်လုံး ၂ လုံးစာ
  • နွားနို့ ပန်းကန်လုံး ၂ လုံးစာ
  • ဂျုံမုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နံနံပင် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အိုးအကြီးတစ်လုံးထဲသို့ ကြက်ပြုတ်ရည်နဲ့ ရေများထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။ ထိုအချိန်မှာ အာလူး ၃ လုံးကို အခွံခွာပြီး အတုံးခပ်သေးသေးတုံးထားပါ။

ဝက်ပေါင်ခြောက်များကိုလည်း အနေတော်အတုံး တုံးထားပါ။ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ နံနံပင်စသည်တို့ကိုလည်း လှီးဖြတ်ထားပါ။

ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ပေးထားပြီး ထောပတ်များထည့်လိုက်ပါ။ ကြက်သွန်မြိတ်၊ တရုတ်နံနံနဲ့ မုန်လာဥနီများ ထပ်ထည့်ပြီး ၇ မိနစ်ခန့် မွှေပေးလိုက်ပါ။

အာလူးတုံးများကို ဟင်းရည်တည်မယ့်အိုးထဲထည့်ပါ။ ကြက်ပြုတ်ဟင်းရည်ကို အိုးထဲ ထည့်ပြီးနောက်မှာ မီးအပူချိန်ကို အနည်းငယ်ထပ်လျော့ပြီး ၁၀ မိနစ်ခန့် တည်ထားပါ။ ထို့နောက် ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံနဲ့ မုန်လာဥနီတို့ ထပ်ထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ထားပါ။

၁၅ မိနစ် စောင့်နေတဲ့အချိန်မှာ ပန်းကန်လုံးလေးတစ်လုံးထဲ၌ နွားနို့နဲ့ ဂျုံမုန့်များထည့်ပြီး မွှေပေးလိုက်ပါ။ အိုးတည်ထားတဲ့အချိန် ၁၅ မိနစ်ပြည့်ပြီဆိုရင်တော့ ဟင်းရွက်များရော၊ ဝက်သားတုံး၊ အာလူးတုံးများပါ နူးညံ့သွားပါလိမ့်မယ်။ ထိုအချိန်မှာ ဂျုံမှုန့်ပါဝင်တဲ့ နွားနို့များကို အိုးထဲ လောင်းထည့်လိုက်ပါ။

နံနံပင်လေးများကို အိုးထဲထည့်ပြီး ဆားထည့်ကာ အပေါ့အငန်မြည်းကြည့်ပါ။ ၅ မိနစ်ခန့် ထပ်တည်ထားပေးပါ။

ပြီးတဲ့အခါ ဟင်းပန်းကန်လုံးလေးထဲထည့်ပြီး ကြက်သွန်မြိတ်များဖြူးပြီး အလှဆင်ကာ အရသာရှိရှိသုံးဆောင်လို့ ရသွားပါပြီ။ အာလူးကြိုက်သူများအတွက် နိဗ္ဗာန်ဘုံလို့တောင်ဆိုနိုင်တဲ့ ဝက်ပေါင်ခြောက် အာလူးစွပ်ပြုတ်လေးပဲဖြစ်ပါတယ်။

Source: www.mydeliciousmeals.com