ပိန္နဲသီးကို အထဲက အိမ်လေးတင် မဟုတ်ဘဲ အလုံးလိုက် မြင်ဖူးကြမယ် ထင်ပါတယ်။ အပင်ရဲ့ ပင်စည်လေးတွေမှာ ကပ်ပြီး သီးနေတဲ့ ပိန္နဲသီးဟာ လှပတဲ့ အရောင်နဲ့ စားချင်စဖွယ် ဖြစ်နေတဲ့ အသီးပါ။ ချိုတဲ့အရသာရှိပြီး ခပ်ပြင်းပြင်းအနံ့ဟာ အဝေးကနေ ရနိုင်ပါတယ်။ အပြင်ပန်း ပုံစံကတော့ ဒူရင်းသီး ပုံစံနဲ့ ခပ်ဆင်ဆင်တူပြီး အထဲက မှည့်နေတဲ့ အသားလေးတွေ ကောင်းကောင်းကာပေးထားပါတယ်။ မြန်မာတွေကတော့ အမှည့်လည်းစားသလို အစိမ်းကိုလည်း ချက်စားကြပါတယ်။

ပိန္နဲသီး အစိမ်းကို ကုလားပဲနဲ့ ချက်စားကြသလို အသားတွေနဲ့လည်း ချက်စားကြပါတယ်။ ပိန္နဲကွင်းဆိုပြီး ဈေးထဲမှာ ရောင်းတာ မြင်ဖူးကြမှာပါ။ ငပိရည်နဲ့ အတို့အဖြစ်လည်း စားကြပါတယ်။ အမှည့်ကတော့ ပိုပြီး အနံ့ပြင်းပါတယ်။ ရှတတ အနံ့နဲ့ ချိုမြမြတဲ့ အရသာဟာ ပိန္နဲသီးရဲ့ သင်္ကေတပါ။ ယိုးဒယားတွေကတော့ ဒီလို နွေရာသီမှာ ဖျော်ရည်အဖြစ် ဖျော်သောက်ကြပါတယ်။ မလေးရှားမှာတော့ အုန်းနို့နဲ့ ချက်ပြီး Snack အဖြစ်စားကြပါတယ်။

သူ့ရဲ့ စွမ်းအင်တွေကတော့ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကိုလက်စထရော တက်စေမယ့် ဓာတ်တွေ မပါဝင်ခြင်း တို့ ဖြစ်ပါတယ်။ အာရှမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးတစ်မျိုးလို့ ညွှန်းဆိုလေ့ ရှိကြပါတယ်။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ တစ်ချို့အချက်တွေကို လေ့လာကြည့်ရအောင်ပါ။

အသီးထဲမှာ အစာကြေအား ကောင်းမွန်စေတယ့် သကြားကဲ့သို့ သကြားဓာတ် တစ်မျိုး ပါဝင်ပြီး စားလိုက်ရင် အားအင်တွေ ပြန်ဖြည့်စေမယ့် စွမ်းအင်တွေ ပါဝင်ပါတယ်။ ပိန္နဲသီးမှာ ကြွယ်ဝတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အတွက် ဝမ်းကောင်းစေပါတယ်။ ဗီတာမင် အေဓာတ် အနည်းငယ် ပါဝင်ပြီး Antioxidant အဖြစ် သူက ဖြည့်ဆည်းပေးပါတယ်။ အမြင်အာရုံ ကောင်းမွန်စေပါတယ်။ ဗီတာမင်အေဟာ အသားအရည်အတွက်လည်း ကောင်းမွန်စေပါတယ်။ သတ္တုဓာတ်တွေ အဖြစ် ပိုတက်ဆီယမ်၊ မက်ကနီဆီယမ်၊ မက်ကနိ၊ အိုင်ယွန်းဓာတ်တွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ဟာ ကိုယ်တွင်း ဆဲလ်တွေ အတွက် အရေးပါတဲ့ အထောက်အပံ့ဖြစ်ပြီး သွေးဖိအားနဲ့ နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဒီလောက်ဆိုရင် ကြိုက်နှစ်သက်လို့ စားမိနေတဲ့ အသီးတစ်မျိုးရဲ့ အစွမ်းသတ္တိတွေကို သိလောက်ပါပြီ။ အနံ့ရရင် မစားဘဲ မနေနိုင်လောက်အောင် စွမ်းဆောင်နိုင်တဲ့ အသီးတစ်မျိုးဟာ လူတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေ ရစေသလို အစာလည်းဆေး ဆေးလည်း အစာ ဖြစ်တဲ့အတွက် ဘယ်အရာမဆို လိုတာထက် ပိုပြီး မစားမိဖို့ သတိပေးလိုက်ရပါတယ်။

Credit: asianinspirations.com.au