မိုးဦးရာသီရဲ့ နောက်ထပ် ရာသီစာ တစ်မျိုးကတော့ ခဝဲသီးပါ။ ခဝဲသီးကို ကြိုက်နှစ်သက်သူကတော့ နည်းမယ် ထင်ပါတယ်။ လူငယ်တွေကဖြင့် သိပ်မကြိုက်လှပါဘူး။ ချိုစိမ့်စိမ့် အရသာရှိပြီး ဟင်းချိုမှုန့်မလိုဘဲ သဘာ၀ အတိုင်း ချိုမြစေတဲ့ အသီးတစ်မျိုးပါ။ နွယ်ပင် အမျိုးအစား တစ်ခု ဖြစ်ပြီး အပွင့်အဝါလေးတွေ ပွင့်ကာ အသီးကတော့ အရှည်မျိုး ဖြစ်ပါတယ်။

တို့စားတဲ့ အရွယ် ခဝဲသီးလေးတွေလည်း မိုးတွင်းမှာ တွေ့နိုင်ပါတယ်။ နယ်ဘက်တွေမှာဆိုရင် ခြံစည်းရိုး တစ်လျှောက် တင်ထားပြီး စားကြပါတယ်။ ခဝဲသီးကို စင်နဲ့ သေချာ ဆောက်ပြီး စိုက်ပျိုးကြသလို ဒီအတိုင်း အပင်မြင့်တစ်ခုနား စိုက်ပြီး နွယ်တွေကို အပင်မြင့်ပေါ် တင်ပြီး စိုက်ကြတာတွေလည်း ရှိပါတယ်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး အိမ်တွင်း ချက်ပြုတ်ဖို့ တစ်ပင်ဆို ဖူလုံပါတယ်။

ခဝဲသီးမှာ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင်စီတို့ ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပါတယ်။ ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန်ကို ချလိုသူတွေ အတွက် စားသင့်တဲ့ အစားအစာပါ။ ဒါ့အပြင် ရေဓာတ်ပါဝင်မှုနှုန်းလည်း မြင့်မားတာကြောင့် အလွယ်တကူ ဗိုက်ပြည့်စေပါတယ်။ ခဝဲသီးဟာ အသည်းကို ကာကွယ်ပေးပြီး အရက်ကြာရှည်စွာ သောက်သုံးသူတွေ စးာသင့်တဲ့ အသီးပါ။
ဦးနှောက်သွေးယိုစီးမှု မဖြစ်အောင် တားဆီးပေးပြီး ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ခဝဲသီးဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ကူးစက်အဖျားရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ခဝဲသီးဟာ သွေးသားကို သန့်စေတယ်လို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ်ကိုပါ လျော့ကျစေနိုင်တာကြောင့် ဆီးချိုသမားတွေ စားသုံးလို့ ရတဲ့ အသီးပါ။ ခဝဲသီးကို ကြော်စား ချက်စားတော့မယ်ဆိုရင် အပေါ်က အခွံတွေကို ပြောင်အောင် ခွာပြီးမှာ ချက်တာ ပိုကောင်းပါတယ်။

မိုးတွင်းဟာ ခဝဲသီးရော ပုဇွန်ရော ပေါတဲ့ ကာလမို့ ခဝဲသီး ပုဇွန် အရောအစပ် ဟင်းလေးကို ပူပူလေး စားလိုက်ရင် ခံတွင်းတွေ့စေမှာ အမှန်ပါပဲ။ ကြက်သားခဝဲသီးဟင်း၊ ဝက်သားခဝဲသီးဟင်း၊ ခဝဲသီး ငရုတ်ပွကြော် အစရှိတဲ့ ဟင်းလျာ တွေဟာ လူကြိုက်များတဲ့ ဟင်းတွေပဲ ဖြစ်ပါတယ်။ ကဲ ချက်စားလိုက်ကြစို့။

Credit: medindia