ဈေးကွက်ထဲတွင် ကျန်းမာရေးအတွက်အအေးတွေ၊ ဖျော်ရည်တွေ မရေမတွက်နိုင်လောက်အောင် အမျိုးမျိုးထွက်ရှိထားပေမယ့်လည်း ရေလောက်တော့ဘယ်အရာမှ မကောင်းနိုင်ပါဘူး။ ကျန်းမာကြံ့ခိုင်သောစိတ်နဲ့ကိုယ်ခန္ဓာတစ်ခုဖြစ်လာဖို့၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်ဖို့ ရေကမရှိမဖြစ်လိုအပ်ပါတယ်။

အချို့သောသူများက ရေကိုတခါတလေမှာ သောက်ပါများလို့ အရသာမရှိဘူးဟုဆိုပြီး လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါကြောင့် ထိုသူများအတွက် ယခုတခါတင်ဆက်ပေးချင်တာကတော့ ပုံမှန်သောက်သုံးနေကြရေကို အရသာနဲ့အရောင်စိုစိုပြေပြေရှိလာဖို့ လုပ်ဆောင်နိုင်မယ့်နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

၁။ သံပယိုသီး

ကင်ဆာကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်လျော့ချရာတွင်ကူညီပေးခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အသည်းကျောက်တည်မှုမှကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း စသဖြင့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

ရေသန့်အပြည့်ထည့်ထားသော ရေခရားတစ်ခုထဲသို့ သံပယိုသီးနှစ်လုံးအား ပါးပါးလေးတွေလှီးပြီးထည့်ပေးပါ။ ပူစီနံအရွက်အနည်းငယ် သို့မဟုတ် ဂျင်းချပ်လေးတွေ၊ ရေခဲတုံးအနည်းငယ်တို့ကို ပေါင်းထည့်ပြီးလျှင် ၂ နာရီမှ သုံးနာရီကြာသည်အထိ အအေးခံပြီး လိုအပ်သလို သောက်သုံးပေးနိုင်ပါတယ်။

၂။ ဖရဲသီး

ရေဓာတ်အမြောက်အမြားပါဝင်သည့်အတွက် ရေဓာတ်ကုန်ခမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်၊ ခန္ဓာကိုယ်အဆီများ၊ မျက်လုံးအား၊ ကျောက်ကပ်၊ စိတ်ခံစားမှု စတာတွေကိုပါ ကောင်းကျိုးများပေးစွမ်းနိုင်ပါတယ်။

ရေအေးအပြည့်ရှိသည့် ခရားအတွင်း အစေ့ဖယ်ထားသော ဖရဲသီးအစိတ်လေးတွေကို ဖြည်းညှင်းစွာထည့်ပေးပြီး ပင်စိမ်းအရွက်လေးတွေကိုပါ ရောစပ်ပေးပါ။ ၂ နာရီမှ သုံးနာရီကြာသည်အထိ အအေးခံပြီးသည့်အခါ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

၃။ သခွားသီး

အဆီ သို့မဟုတ် ကိုလက်စထရောလုံးဝမပါဝင်ဘဲ ကိုယ်အလေးချိန်ကျဆင်းဖို့ကူညီပေးနိုင်ကာ ကင်ဆာ၊ အိုမင်းရင့်ရော်ခြင်းတို့ကို ကာကွယ်ပေးပြီး အသားအရေနှင့်ဦးနှောက်ကျန်းမာရေးတို့ကို တိုးတက်စေပါတယ်။

အခွံခွာပြီးသားသခွားသီးကို အတုံးသေးသေးလေးတွေလှီးကာ ရေထည့်ထားသောခရားထဲသို့ ထည့်ပေးပါ။ သခွားသီးတုံးများ ပေါလောပေါ်မနေစေဖို့ ရေခဲတုံးလေးများကိုပါ ချက်ချင်းထည့်ပေးပြီး ရေခဲသေတ္တာအတွင်း တစ်ညထားပေးပြီး သောက်သုံးနိုင်ပါတယ်။ (တရက်အတွင်းကုန်အောင်သောက်ပေးပါ)

၄။ လိမ္မော်သီး

သကြားထည့်စရာမလိုဘဲ အချိုဓာတ်ပေးစွမ်းနိုင်ကာ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အသားအရေပြန်လည်ကောင်းမွန်စေခြင်း၊ ကိုလက်စထရောလျော့ချပေးခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အမြင်အာရုံနှင့်အဆစ်ရောင်ရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

အခွံခွာပြီး လိမ္မော်သီးအမြွှာလေးတွေကို ရေခရားထဲထည့်ပြီးနောက် သံပယိုရည်နှင့် ပူစီနံအရွက်အနည်းငယ်တို့ကို ပေါင်းစပ်ပါ။ နှစ်နာရီကြာအောင် အအေးခံပြီးသည့်နောက် အလိုရှိသည့်အခါတိုင်း အရသာရှိရှိသောက်သုံးနိုင်မှာဖြစ်ပါတယ်။

၅။ လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းတစ်ခွက် သို့မဟုတ် နှစ်ခွက်ကိုအအေးခံပြီး ရေခဲတုံးခွက်ထဲသို့ပြောင်းထည့်ကာ ရေခဲသေတ္တာအတွင်းထည့်ပါ။ ခရားအတွင်းရေအေးထည့်ပြီး ပူစီနံ သို့မဟုတ် ဂျင်းချပ်လေးတွေအနည်းငယ်တို့ကို ရောစပ်ပြီး ရေခဲသေတ္တာအတွင်း နာရီအနည်းငယ်ကြာအောင် အအေးခံပါ။ ရေဆာပြီဆိုရင် ခရားထဲမှရေကို ခွက်တစ်ခုထဲထည့်ပြီး လက်ဖက်ရည်ကြမ်းရေခဲတုံးနှစ်တုံးနှင့် သံပယိုရည်အနည်းငယ်ကို ပေါင်းထည့်ကာ သောက်သုံးပေးနိုင်ပါတယ်။

၆။ သစ်ကြမ်းပိုးခေါက်

သွေးချိုပမာဏကိုထိန်းပေးနိုင်ရုံသာမက နှလုံးရောဂါကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကင်ဆာကာကွယ်ပေးခြင်း၊ ဦးနှောက်အားကောင်းစေခြင်း စသဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် သစ်ကြံပိုးခေါက်တစ်ချောင်းကို ရေထည့်ထားသည့် ခရားထဲသို့ နှစ်လိုက်ပြီး ရေခဲသေတ္တာအတွင်း တစ်ညအအေးခံပြီး သောက်သုံးပေးနိုင်ပါတယ်။