သံပုရာသီးရေခဲမုန့်က စားလိုက်တာနဲ့ ချဉ်ချဉ်လေးနဲ့မို့ အအီလည်းပြေစေသလို၊ ခံတွင်းလည်းရှင်းစေပါတယ်။ ဒါကြောင့် ခံတွင်းရှင်းပြီးအအီပြေစေတဲ့ သံပုရာရေခဲမုန့်အလွယ်ပြုလုပ်နည်းလေးကို ရေခဲမုန့်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်းလွယ်ကူသလို၊ ပါဝင်ပစ္စည်းတွေကလည်း ခက်ခက်ခဲခဲရှာစရာမလိုတော့ လုပ်စားရတာ အဆင်ပြေစေမှာပါ။

ပါဝင်တဲ့ပစ္စည်းတွေကတော့ Whipping Cream နဲ့ အုန်းနို့ (Coconut Milk) ၊ သကြားမပါတဲ့ဒိန်ချဉ် (Sugar Free Yogurt) နဲ့ သကြားတို့ လိုအပ်ပါတယ်။ ဒါတွေအားလုံးကို City Mart နဲ့ ဈေးမှာ ဝယ်ယူနိုင်ပါတယ်။ Whipping Cream နဲ့ သကြားမပါတဲ့ဒိန်ချဉ် ( Sugar Free Yogurt) ဆိုရင် ဘူးလေးတွေနဲ့လာပါတယ်။ City Mart တိုင်းမှာ ဝယ်ယူလို့ရပါတယ်။

သံပုရာရေခဲမုန့်ပြုလုပ်ဖို့အတွက် Whipping Cream – ၃၀၀ မီလီလီတာ၊ အုန်းနို့ (Coconut Milk) – ၂၀၀ မီလီလီတာ၊ သကြားမပါတဲ့ဒိန်ချဉ် (Sugar Free Yogurt) – ၂ ဘူးနဲ့ သကြား – ၁၀၀ ဂရမ်တို့ကို Blender ထဲထည့်ပြီး မွှေပေးပါ။

မွှေပြီးတာနဲ့ သံပုရာခွံတွေကိုခြစ်ပြီး Blender ထဲကို အနည်းငယ်ထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ဘူးထဲပြောင်းထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၈ နာရီကြာထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခပ်ပြီး ပန်းကန်ထဲထည့်ကာ အသင့်စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ခံတွင်းရှင်းပြီးအအီပြေစေတဲ့ သံပုရာရေခဲမုန့်ကို ရရှိသွားပါပြီ။ Blender ရှိတာနဲ့ လုပ်စားလို့ရနေပြီနော်။

Photo Source: www.feedytv.com