အားလုံးပဲ မင်္ဂလာပါ။ ပျားသံပုရာဆိုတာဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာကို မသိသူရှားပါတယ်နော်။  ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတွေဖြစ်စေနိုင်သလို ဝိတ်ကျချင်သူတွေလည်း သောက်သုံးပေးနိုင်ပါတယ်။

ဒီလိုဘက်ပေါင်းစုံကကောင်းမွန်တဲ့ ပျားသံပုရာလက်ဖက်ရည်ကို ဆိုင်တွေကမဝယ်ဘဲ အိမ်မှာကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

သံပုယိုသီး (လီမွန်) – ၉၀၀ ဂရမ်

ပျားရည် – ၉၀၀ ဂရမ်

ပြင်ဆင်ပုံ

၁။ ၂ လီတာပမာဏရှိသည့် ဖန်ပုလင်းကို သေသေချာချာသန့်စင်ပြီး ရေခြောက်အောင်ထားပါ။

၂။ လီမွန်သီးတွေကို သေချာဆေးကြောကာ အခြောက်ခံပါ။ ဒါမှမဟုတ် စက္ကူတစ်သျှူးတွေနဲ့ ခြောက်အောင်သုတ်ပါ။

၃။ လီမွန်သီးတွေကို အကွင်းလိုက်လေးတွေလှီးပြီး တစ်ခုနဲ့တစ်ခုကြားမှာ လေဝင်စရာနေရာမရှိအောင် ဖန်ပုလင်းထဲမှာ သေချာစီရီထည့်ပါ။ ပုလင်းအပေါ်နားကိုတော့ နေရာချန်ထားလိုက်ပါ။

၄။ ပျားရည်ကို လီမွန်ခြမ်းတွေမြုပ်တဲ့အထိ ဖန်ပုလင်းထဲကို လောင်းထည့်ပါ။

၅။ ထို့နောက် ပုလင်းကို သေသေချာချာ လေလုံအောင် အဖုံးအုပ်လိုက်ပြီး ရေခဲသေတ္တာထဲမှာထည့်ပေးပါ။

၆။ နှစ်ရက် သုံးရက်ကြာပြီဆိုရင် ဇွန်းအသန့်ကိုသုံးပြီး အောက်ခြေမှလီမွန်ခြမ်း၊ ပျားရည်တို့ကို အပေါ်အောက်လှန်ပေးလိုက်ပါ။

၇။ ပြီးရင်အဖုံးပြန်အုပ်ထားပြီး နောက်ထပ်တစ်ပတ်ထပ်ထားပါ။ တစ်ပတ်ပြည့်ပြီဆိုရင် ထုတ်ယူကာ သောက်သုံးနိုင်ပါပြီ။