ဒီခေါက်ဆွဲ ကြော်က ရိုးရှင်းပါတယ် ဒါပေမယ့် ကာလာ အရသာ ကိုမျှတာအောင် ထည့်ကြော်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်အူချောင်း အချို  – ၂ ချောင်း (ပါးပါး လှီးထားပါ)
  • ကြက်ဥခေါက်ဆွဲ  –  ၃၀၀ ဂရမ် (ပြုတ်ထားပါ)
  • ငရုတ်ပွနီ  –  ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ငရုတ်ပွစိမ်း  –  ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ငရုတ်ပွဝါ  –  ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ကြက်သွန်မြိတ်  –  ၂ ပင် (ပါးပါးလေးတွေ လှီးထားပါ)
  • ပဲပင်ပေါက်  –  ၁ ခွက်
  • ကြက်သွန်ဖြူ  –  ၂ တက် (နုတ်နုတ်စင်းထားပါ)
  • ပဲပြား  –  ၂၂၅ ဂရမ် (အံစာတုံးအရွယ်လေးတွေ တုံးထားပါ)
  • မုန်ညှင်းထုပ်  –  ၂ ခု (ထိပ်လှီးပြီး အရွက်တွေတစ်ရွက်ချင်းခြွေထားပါ)
  • နှမ်းနက်  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နှမ်းဆီ  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နေကြာဆီ  –  ၃ ဇွန်း (စားပွဲဇွန်း)
  • Hot suki ဆော့  ၃-၄ ဇွန်း (စားပွဲဇွန်း)

ပြုလုပ်နည်း

  1. မကပ်သော အကြော်အိုးထဲ နေကြာဆီ ထည့်ပြီး ပူအောင်တည်ပါ ။  ဆီပူလျင် ပဲပြားတုံးများကို ရွှေရောင်သန်းသည် အထိ ကြော်ပါ ။  လေးဘက်လုံး ရွှေရောင်သန်းလျင် ပန်းကန်တစ်ခုတည်း ဆယ်ထားပါ ။
  2. အကြော်အိုးထဲကို တို့ဟူးကြော်ထားသောဆီ နှင့် နှမ်းဆီများကို အပူပေးပါ ။  ကြက်သွန်ဖြူ နဲ့ ဝက်အူချောင်း ထည့်ပြီး ၂-၃ မိနစ်လောက် ကြော်ပါ ။  ပြီးလျင် ငရုတ်ပွတွေ အားလုံးထည့်ပြီး ကြော်ပါ ။  အနည်းငယ် နွမ်းသည်အထိ ကြော်ပြီး မုန်ညင်း ၊ ပဲပင်ပေါက် နှင့် တို့ဟူး များထည့်ပြီး ၃-၅ မိနစ်လောက် ထပ်ကြော်ပါ ။
  3. အကြော်အိုးထဲ ခေါက်ဆွဲထည့်ပြီး အသီးအရွက်များနှင့် နှံ့အောင်မွှေပါ ။  Hot Suki ဆော့ထည့်ပြီး အားလုံး သေချာရောပြီး အရသာများ နှံ့အောင် မွှေပေးပါ ။  ကြက်သွန်မြိတ် ရောပါ ။ အရသာ မြည်းပါ ။ လိုတာ ထပ်ဖြည့်ပါ ။  မီးဖိုပေါ်မှ ချပါ ။ နှမ်းနက်ဖြူးပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။

13613423_1246519175359390_7653154289210443398_o