စားသောက်ဖွယ်ရာများအကြောင်း - Food Stories | ဟော့ပေါ့ - Hot Pot

Hot Pot အိမ်မှာ လုပ်စားမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

April 3, 2016

Hot Pot အိမ်မှာ လုပ်စားမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

Share this on:

ပိတ်ရက်ရှည်တွေကတော့ မကြာမီအချိန်တွေမှာ ရောက်လာတော့မှာပါ။ အိမ်မှာနေရင်း မိသားစုတွေနဲ့ ဟော့ပေါ့ချက်စားရင်ဖြစ်ဖြစ် သူငယ်ချင်းတွေ စုပြီး ချက်စားတာ ဖြစ်ဖြစ် ဘာတွေ လိုအပ်လဲ ဘာတွေလုပ်ရမလဲဆိုတာတွေကို မျှဝေချင်ပါတယ်။ ဟော့ပေါ့ဆိုတာ တရုတ်အစားအစာ တစ်ခုပါ။

အစုအဖွဲ့လိုက် စားလို့ကောင်းတဲ့ အစားအစာ တစ်ခုပါ။ အခု ရန်ကုန်မှာဆို ဈေးနှုန်းအသင့်အတင့်နဲ့ ရတဲ့ ဟော့ပေါ့ဆိုင်တွေ တော်တော်များများ ပေါ်လာပြီး လူတိုင်းနီးပါး စားသုံးနေကြတဲ့ အစားအစာ တစ်မျိုးပါ။ ဟော့ပေါ့ ယဉ်ကျေးမှုဟာ တစ်ကမ္ဘာလုံးနီးပါး ပြန့်နှံ့နေတဲ့ အစားအစာ တစ်မျိုးပါ။ ဂျပန်မှာ ရှဘူ ရှဘူ ခေါ်ပြီး ထိုင်းလိုဆိုရင်တော့ ဆူကီလို့ ခေါ်ပါတယ်။ အိမ်မှာလည်း အလွယ်တကူ လုပ်စားလို့ ရလာတဲ့ အစားအစာ ဖြစ်တဲ့ အတွက် ပွဲတော်ပိတ်ရက်တွေ၊ နှစ်သစ်ကူးပွဲတွေမှာ လုပ်စားလာကြပါတယ်။
ဟော့ပေါ့ချက်စားရာမှာ အဓိက လိုအပ်တာကတော့ မီးဖိုနဲ့ အိုးပေါ့နော်  ကဲ..ဘာတွေလဲဆိုတာ ကြည့်လိုက်ကြစို့.

ပထမဆုံး လိုအပ်တာ စားပွဲကျယ်ကျယ်တစ်လုံးနဲ့ မီးဖို တစ်ခုပါ။ မီးဖိုက သယ်ရလွယ်မယ် ဂက်စ်ဖြစ်ဖြစ် လျှပ်စပ်ဖြစ်ဖြစ် စားပွဲပေါ် တင်စားလို့ အဆင်ပြေမယ့် မီးဖိုမျိုးဆို ရပါတယ်။ ပြီးရင် ဟော့ပေါ့ အိုးပါ။ အကန့်ပါတဲ့ အိုးဆို ပိုကောင်းပါတယ် အစပ် အချို နှစ်မျိုး ခွဲချက်လို့ ရအောင်ပါ။ ကျန်တဲ့ အခြေခံ လိုအပ်တာတွေကတော့ တူ၊ ဇွန်း၊ ဟင်းရည်ခပ်ဇွန်း၊ အရွက်နဲ့ အသားဆယ်ဖို့ ဇကာဇွန်း၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ အချဉ်ထည့်ဖို့ခွက်…

1

ဟော့ပေါ့ ချက်တော့မယ်ဆိုရင် အမယ် များများစဉ်းစားပါ။ အရွက်ဆိုလည်း ထည့်စားမယ့် အမျိုးအစား များများ တွေးပါ။ ဒါက သူရဲ့ အဓိက လျှို့ဝှက်ချက်ပါပဲ။ နည်းနည်းစီနဲ့ အမယ်စုံအောင် ၀ယ်ပါ။ ပင်လယ်စာနဲ့ အမဲသားကတော့ ဟော့ပေါ့ပွဲတွေ အတွက် နာမည်ကြီး ဇာတ်လိုက်ကျော်တွေပါ။ နှစ်မျိုးစလုံး မထည့်ရင်တောင် တစ်မျိုးတော့ ထည့်စားပါ။ အမဲသား မစားသူတွေကတော့ ၀က်သား(သို့)ကြက်သားနဲ့ စားပါ။ ထည့်ချက်ဖို့ ပစ္စည်းတွေ ၀ယ်ရာမှာ ဘယ်လို တွက်ရမလဲ ဆိုရင်…. ဥပမာ လူ ၄ယောက်စာ ချက်မယ်ဆိုပါစို့။ အစိမ်းရောင် အရွက် ၂မျိုး၊ အသားမဟုတ်တဲ့ အရာ၎မျိုး တိုဖူးတို့ မှိုတို့ ထုံချိုင်းတို့လိုဟာမျိုး၊ အသား ၄မျိုး ၀က်သားဆို ကိုယ်ကြိုက်တဲ့ ကလီစာတွေပါ ထည့်စားပါ။ အမဲသားဆိုရင်တော့ အသားကောင်းကောင်း ထည့်ပါ။ ကိုယ်နှစ်သက်တဲ့ ပင်လယ်စာ ၄ မျိုး၊ ခေါက်ဆွဲထည့်ချက်စားပါ။

အသားနဲ့ပင်လယ်စာဟာ ဟော့ပေါ့အတွက် မပါမဖြစ် အမယ်တွေ ဖြစ်သလို အသီးအရွက်တွေ မပါရင်လည်း မပြည့်စုံပြန်ပါဘူး။ နှစ်ခုစလုံးမှာလည်း အမယ်များများ စားချင်တယ်ဆိုရင်တော့ နည်းနည်းစီနဲ့ များများထည့်ချက်ပါ။ အများအားဖြင့် ထည့်ချက်စားလေ့ ရှိတယ် အရွက်တွေနဲ့ တခြား အမယ်တွေကတော့

  • မုန်ညှင်း (ဖြူ/ထုပ်)
  •  ဂေါ်ဖီ
  • အာလူး
  • ဥနီ (၂လက်မ အရွယ်လောက် လှီးထည့်ပါ)
  • မှို (အမျိုးအစား အများကြီး ရှိပါတယ်။ အပ်မှိုနဲ့ ကောက်ရိုးမှိုက အစားများပါတယ်)
  • ပဲပြား
  • ခရမ်းချဉ်သီး (သိပ်စားလေ့မရှိပါဘူး)
  •  ပြောင်းဖူး (အသေးရော/ အကြီးရော)
  • အသား (အလွှာလေးတွေ လှီးထားရင် ပိုအဆင်ပြေ)
  • ပဲလိပ်
  • ကြာစွယ်
  • ကန်စွန်းရွက်
  • ငုံးဥ
  • ငါးဖယ်လုံး
  • ပဲကြာဇံ
  •  ရေမုန်ညင်း
  • ငါးအသားလွှာ
  • ပုဇွန်
  • ဂဏန်း
  •  ပြည်ကြီးငါး
  • တာအိုးဆိုင်ရွက်

ကျန်တာကတော့ တခြား ကိုယ် ကြိုက်တဲ့အရွက်နဲ့အသားတွေ ထည့်ချက်စားလို့ ရပါတယ်။

2

 

ကဲ နောက်ဆုံးမှာ ပြောချင်တာကတော့ အရည်ချက်နည်းပါ။ ဟော့ပေါ့ ဟင်းရည်ဟာ အစပ်ဆို ပိုစားကောင်းပါတယ်။ ၀က်သားစားသူတွေကတော့ ၀က်နံရိုးနဲ့ ချက်ကြပြီး ၀က်သားမစားသူတွေကတော့ ကြက်သားနဲ့ပဲ ချက်လို့ ရပါတယ်။ ဂျင်း၊ စွန်ပလွန်သီးခြောက်နဲနဲ၊ စပျစ်သီးအနီခြောက်၊ အသား/အရိုး ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်သီး တို့ကို ရေထဲထည့်ပြီး အသားတွေ အရိုးတွေ နည်းနည်းလေး နူးတဲ့အထိ ပြုတ်ရင် ရပါပြီ။ ဆူလာရင် အရွက်တွေ အသားတွေ ထည့်ချက်လို့ ရပါပြီ။

တွဲစားဖို့ အချဉ်ကတော့ ငရုတ်ဆီနဲ့ စားရင် ရပေမယ့်၊ စပ်ထားတဲ့ အချဉ်လေးနဲ့ဆို အအီပြေပြီး စားလို့ ပိုမြိန်စေပါတယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ၊ သံပုရာသီး(ဒါမှမဟုတ်)မန်ကျည်းသီးကိုရေနဲ့ဖျော်ပါ အားလုံးကို လှီးပြီး မန်ကျည်းရေနဲ့စပ်လိုက်ရင် အအီပြေစေမယ့် အချဉ်လေး ရပါပြီ။

ကဲ ဒါဆို လွယ်ကူပြီး စားလို့ မြိန်တဲ့ ဟော့ပေါ့လေးကို ပိတ်ရက်မှာ ချက်စားလိုက်ကြရအောင်။

Credit: www.seriouseats.com

Review

User Rating

3.1 (45 Votes)