ကိုယ်အလေးချိန် ကျစေမယ့် နည်းလမ်းတွေချည်းပဲ ပြောခဲ့တာ ဒီတစ်ပတ်တော့ Weight Gain အတွက် မျှဝေချင်ပါတယ်။ ဝလို့ ဝိတ်လျှော့ချင်ကြသလို ပိန်လို့ ဝိတ်တက်ချင်ကြတဲ့ လူတွေလည်း မနည်းပါဘူး။ ဝိတ်ကျဖို့ အတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို စနစ်တကျ လုပ်ဖို့ လိုသလို ကိုယ်အလေးချိန် တက်စေမယ့် လူတွေကလည်း ထိုနည်းအတိုင်း နှစ်ခုမျှအောင် လုပ်ဆောင်ရပါမယ်။

ကိုယ်အလေးချိန်တက်ဖို့အတွက် အဓိကကျတဲ့ ဥပဒေသ ၅ မျိုး ပဲ ရှိပါတယ်။

၁။ ၄နာရီထက် ပိုပြီး အစာ မစားဘဲ မနေပါနဲ့

သင်ရဲ့ ကိုယ်ခန္ဓာဟာ လိုအပ်တဲ့ စွမ်းအင်တွေကို အမြဲ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ သူက မနားမနေ အလုပ်လုပ်နေရတာပါ။ နှလုံးခုန်တယ်၊ သွေးလည်ပတ်တယ်၊ ဦးနှောက်နဲ့ ကြွက်သားတွေ အလုပ်လုပ်တယ်။ အစားအစာတွေကို မစားဘဲ နေမယ်ဆိုရင်တော့ ဆီမဖြည့်တဲ့ စက်တစ်ခုလို လုပ်ဆောင်မှုတွေ လျော့လာပြီး ပုံမှန်အလုပ်မလုပ်တဲ့အ ခါ အာဟာရ နည်းလာပြီး ကိုယ်အလေးချိန် တဖြည်းဖြည်း ကျလာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာကို ပုံမှန် စားပေးပါ။ အချိန် ၅နာရီထက်ကျော်ပြီး အစာ မစားဘဲ မနေပါနဲ့။ ၄နာရီ သို့ ၅နာရီ တစ်ခါ အစာ စားပေးခြင်းဟာ ကြွက်သား ဆဲလ်အသစ်တွေ တိုးပွားစေဖို့ အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။

weight-gain-foods

၂။ တစ်ကြိမ်စားတိုင်း များများစားပါ

ဝိတ်ကျစေမယ့် လူတွေရဲ့ နည်းလမ်းတွေရဲ့ ပြောင်းပြန်အတိုင်း သွားရပါမယ်။ အစာ စားတဲ့ အခါ အနည်းဆုံး အဓိက အာဟာရဖြစ်စေမယ့် အုပ်စု ၃ခု ပါရပါမယ်။ ငှက်ပျောသီးတစ်လုံးနဲ့ အစေ့အဆန် လက်တစ်ဆုပ်ပဲ စားမယ့်အစား ထောပတ်သုပ်ထားတဲ့ ပေါင်မုန့်ရယ်၊ ငှက်ပျောသီးရယ် နဲ့ မလိုင်အပြည့်ပါတဲ့ နွားနို့ ဒါမှမဟုတ် ပဲနို့တို့ကို စားပေးရပါမယ်။ ဒါမှသာ တစ်နေ့လုံး ကိုယ်ခန္ဓာရဲ့ အလုပ် လုပ်ဆောင်မှုကို အာဟာရက မျှတစွာ ဖြည့်တင်းပေးနိုင်မှာပါ။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် အစားအစာတွေ စားပါ။

တစ်နေကုန် အတွက် အစားများများ စားပေးပါ။ အချိုကိုလည်း ဝိတ်တက်ချင်ဇောနဲ့ အများကြီး စားစရာ မလိုပါဘူး။ ပရိုတင်းဖြစ်စေမယ့် အစားအစာ အုပ်စုတွေထဲကနေ  ရွေးချယ်စားပေးရင် ရပါပြီ။

၄။ ဖျော်ရည်သောက်ပေးပါ။

၁၀၀ရာခိုင်နှုန်း အသီးအနှံတွေကို ဖျော်သောက်ပေးပါ။ ဖျော်တဲ့အခါ မလိုင်အပြည့် နွားနို့နဲ့ ရောစပ်ပြီး သောက်ပေးပါ။ Smoothies တွေ လုပ်သောက်ပေးပါ။ မုန်လာဥနီဖျော်ရည်ကို၊ ကွေကာအုပ်၊ နဲ့ ပရိုတင်းတွေဟာ အကောင်းဆုံး ရွေးချယ်မှုတွေပါပဲ။

၅။ အိပ်ယာမဝင်ခင် အစာ စားပေးပါ။

eat before bed

အိပ်နေတဲ့ အချိန်မှာလည်း ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နေကြပါတယ်။ ဘာနဲ့ တူလဲဆိုရင် ကြွက်သားဆဲလ်အသစ်တွေ တည်ဆောက်ဖို့ အတွက် အချိန် ကောင်းလိုပါပဲ။ ဒါကြောင့် မအိပ်ခင်မှာ အစားအစာ တစ်ခု စားပေးတာဟာ ဝိတ်တက်ချင်နေတဲ့ လူတွေ အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ ပါစတာလိုမျိုး၊ ခေါက်ဆွဲပြုတ် ပန်းကန်အသေး တစ်ပန်းကန်စာလိုမျိုး (Readymade ခေါက်ဆွဲခြောက်တွေ မစားပါနဲ့) ကြက်သားပါတဲ့ ပေါင်မုန့်၊ ချိစ်တုံး၊ ပဲစေ့အနည်းငယ်လိုမျိုးတွေကို စားပေးရင် အကောင်းဆုံးပါပဲ။

ကိုယ်အလေးချိန် တက်လိုသူ အချို့ဟာ အစားအစာတွေကို စားနေလျက်နဲ့ ဝိတ်တက်မလာဘူးလို့ ပြောကြတာမျိုးတွေ ရှိပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးဟာ ဖွဲ့စည်းပုံချင်း မတူညီတဲ့ အတွက် အစားအစာတွေကို ဖြစ်သလို မစားစေဘဲ သေချာ တွက်ချက်ပြီးစားသင့်ပါတယ်။ ကိုယ်အလေးချိန် တက်စေဖို့ အတွက်ဆိုရင် တစ်နေ့မှာ အနည်းဆုံး ၅နပ် စားပေးရပါမယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ မနက်စာတွေကို မစားဘဲ နေခြင်းဟာ ကိုယ်ခံအားကိုပါ ကျစေတဲ့ အတွက် အထူး သတိပြုပြီး စားပေးဖို့ လိုပါတယ်။

အားလုံးပဲ ကျန်းမာပြီး အလှတိုးနိုင်ကြပါစေ။

Source: shape