ဆိုင်တွေမှာစားသလိုလိုမျိုး ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ အာလူးချောင်းကြော် (French Fries) ကို အိမ်မှာ ကြော်စားချင်ကြပါသလား။

ဆိုင်တွေမှာလိုမျိုး အရသာနဲ့ အနေအထားရဖို့က အနည်းဆုံး ၂ ခါပြန်ကြော်ရပါတယ်။ ပထမဆုံး အပူချိန်နည်းနည်းနဲ့ကြော်ပြီး အခြောက်ခံ၊ ပြီးမှ ဒုတိယအကြိမ်ပြန်ကြော်ရပါတယ်။

လူ ၄၊ ၅ ယောက်စာအတွက်ဆိုရင် အာလူး ၄ လုံးကနေ ၆ လုံးကြားလောက်လိုပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

အာလူး (စားမယ့် လူအရေအတွက်အပေါ်မူတည်)

အိုးကြီးကြီး ၁ လုံး

ဟင်းရွက်ဆီ

အခြောက်ခံဖို့ ဆီစုပ်စက္ကူသို့ တစ်ရှူး

အဆင့် ၁: အာလူးကို အချောင်းလေးတွေဖြစ်အောင် လှီးပါ။

အာလူးတွေကို အခွံခွာပြီး အချောင်းလေးတွေဖြစ်အောင် လှီးလိုက်ပါ။ အာလူးတစ်ချောင်းကို လက်မဝက်လောက်ဘဲ အရှည်ဆုံးထားပါ။

အဆင့် ၂ : အာလူးချောင်းတွေကို ရေထဲ စိမ်ပါ။

အာလူးချောင်းတွေကို ရေဇလုံ အကြီးကြီးထဲကို ထည့်ပြီး အေးနေတဲ့ရေနဲ့ဇိမ်ထားပါ။ မိနစ် ၂၀ လောက်စိမ်ထားရင် ပိုနေတဲ့ ကစီဓာတ်တွေ ထွက်သွားပြီး ကြွပ်ကြွပ်ရွရွ အာလူးချောင်းကြော်လေးရမှာပါ။

အဆင့် ၃ : အာလူးချောင်းတွေကို အခြောက်ခံပါ

အာလူးတွေကို ဆယ်လိုက်ပြီး သန့်ှရှင်းတဲ့ လက်သုတ်ပါဝါအပေါ်တင်ပြီး လေသလပ်ခံကာ အခြောက်ခံပါ။

အဆင့် ၄ : ပထမအဆင့် ကြော်ခြင်း

ကြော်မယ့် အိုးထဲကို ဆီ ၂ လက်မလောက် ထည့်လိုက်ပါ။ ဆီဆူလာရင် ကြော်မယ့် အာလူးတွေကို ထည့်ပြီး မီးအေးအေးလေးနဲ့ ကြော်ပါ။ သူတို့ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့အဆင့်မှာတင် ၅ မိနစ်လောက်ကြော်ပြီး ပြန်ထုတ်လိုက်ပါ။

အဆင့် ၅ : ကြော်ထားတဲ့ အာလူးတွေကို အခြောက်ခံပါ

ကြော်ထားပြီးသား အာလူးတွေကို ဆယ်ယူပြီး သန့်ရှင်းတဲ့ လက်သုတ်ပါဝါအပေါ်တင်ပြီး မိနစ် ၃၀ လောက် အခြောက်ခံပါ။ မိနစ် ၃၀ ကနေ နာရီပေါင်းများစွာလည်း ထားလို့ရပါတယ်။ ဒါကြောင့် နောက်တစ်နေ့ ကြော်စားဖို့အတွက် ညကတည်းက ဒီအဆင့်အထိ ပြင်ဆင်ထားလို့လည်းရပါတယ်။

အဆင့် ၆ : ရွှေအိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပါ

အိုးထဲကို ဆီ ၂ လက်မလောက်နစ်နေအောင်ထည့်ပြီး ဆီဆူလာရင် အာလူးတွေကိုထည့်ပြီး ကြော်ပါ။ အပူချိန်ကို အရမ်းကြီးလည်း များ၊ အရမ်းကြီးလည်း မနည်းတဲ့အပူချိန်နဲ့ ကြော်ပါ။

အာလူးချောင်းတွေ ဖြူဖပ်ဖြူရော်ကနေ ရွှေအိုရောင်ပြောင်းသွားတဲ့အထိ ကြော်ပါ။

အဆင့် ၇ : ကြော်ထားတဲ့ အာလူးချောင်းတွေကို အခြောက်ခံပါ

အိုးထဲက ဆယ်ပြီး ဆီစုပ်စက္ကူဒါမှဟုတ် တစ်ခုခုအပေါ်တင်ပြီး ဆီတွေကိုဖယ်လိုက်ပါ။ အချိန်အကြာကြီးတော့ မထားပါနဲ့။ ပျော့သွားပါလိမ့်မယ်။

ပြီးရင်တော့ ခွက်ထဲထည့်ပြီး စားလို့ရပါပြီ။ ဆားလေးဖြူးပြီး စားရင်လည်း အရသာရှိမှာပါ။ ဒါမှမဟုတ် ငရုတ်သီးကြော်လေး ဖြူးစားလို့လည်းရပါတယ်။