နဂါးမောက်သီးက အပူပိုင်းဒေသမှာ ထွက်ရှိတဲ့ ချိုမြိန်တဲ့သစ်သီးတစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရသာက ကီဝီသီးနဲ့ သစ်တော်သီးနှစ်မျိုးရဲ့ ကြားထဲက အရသာဖြစ်ပါတယ်။ နဂါးမောက်သီးကို အင်္ဂလိပ်လိုဆိုရင် Dragon Fruit လို့လည်း ခေါ်သလို Pitaya (သို့) Strawberry Pear လို့လည်း ခေါ်ကြပါတယ်။ နဂါးမောက်သီးထွက်ရှိရာ ဒေသတွေကတော့ အရှေ့တောင်အာရှနိုင်ငံများ၊ မက်ဆီကိုနိုင်ငံ၊ အမေရိက အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသ၊ အစ္စရေးနိုင်ငံတို့ပဲဖြစ်ပါတယ်။ နဂါးမောက်သီး မျိုးကွဲပေါင်း အခု ၂၀ လောက် ရှိပေမယ့် အဓိက အားဖြင့်တော့ သုံးမျိုး သုံးစားခွဲထားပါတယ်။

Source: Shutterstock

ပထမတစ်ခုကတော့ ပန်းရောင်အခွံရှိပြီး အထဲက အသားက အဖြူရောင်အသားဖြစ်ပါတယ်။ ဒုတိယတစ်ခုလည်း ပန်းရောင်အခွံရှိပေမယ့် အထဲက အသားကတော့ အနီရောင်ရှိပါတယ်။ တတိယတစ်ခုကတော့ အဝါရောင်အခွံနဲ့ အဖြူရောင် အသားတို့ပဲဖြစ်ပါတယ်။ နဂါးမောက်သီးက ကယ်လိုရီနည်းပါးပြီး ဗီတာမင် စီ၊ ဖော့စရပ်နဲ့ ကယ်လစီယမ် စတဲ့ အာဟာရဓာတ်တွေ အမြောက်အမြားပါဝင်တဲ့အပြင် အမျှင်ဓာတ်နဲ့ Antioxidants တို့လည်း ပေါများစွာ ပါဝင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

နဂါးမောက်သီး ဝယ်မယ်ဆိုရင် ဘယ်လိုရွေးဝယ်သင့်လဲ

Source: Shutterstock

ကိုယ်ဝယ်တဲ့ နဂါးမောက်သီးက မှည့် မမှည့်သိချင်တယ်ဆိုရင် သူ့ရဲ့ အရောင်ကို အရင်ဆုံးကြည့်ပါ။ အရောင်တောက်တောက်လေးဖြစ်ပြီး အသီးတစ်ခုလုံးရဲ့ အရောင်က အရောင်ညီနေမယ်ဆိုရင်တော့ မှည့်တဲ့အသီးဖြစ်ပါတယ်။ အသီးပေါ်မှာ အမဲစက်အနည်းငယ် တွေ့ရရင်လည်း စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ အမဲစက်နဲ့ အစက်အပြောက်တွေ အရမ်းများနေမယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့ အသီးပဲဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ လက်နဲ့ ဖိစမ်းကြည့်ရပါမယ်။ လက်ချောင်းနဲ့ ဖိစမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေမယ်ဆိုရင် မှည့်ဖို့ ရက်အတော်ကြာစောင့်ရဦးမှာပဲဖြစ်ပါတယ်။ လက်နဲ့ ဖိကြည့်လို့ အရမ်းကြီး ပျော့စိနေမယ်ဆိုရင်လည်း အခြေအနေ မဟန်ပါဘူး။ အမှည့်လွန်နေတာပဲဖြစ်ပါတယ်။ အနေတော် အိအိလေးဖြစ်နေရင်တော့ မှည့်နေတဲ့အလုံးပဲဖြစ်ပါတယ်။

နဂါးမောက်သီးကို နည်းမှန်လမ်းမှန် ဘယ်လိုခွဲရမလဲ

နဂါးမောက်သီး ခွဲစားတဲ့အခါ များသောအားဖြင့် အခွံကနေ တစ်လွှာချင်းစီ ခွာချပြီး စားကြလေ့ရှိပါတယ်။ ဒီနည်းလမ်းက ခွာရတဲ့ အချိန်လည်းကြာပြီး နဂါးမောက်သီး အရောင်က လက်မှာ စွန်းထင်းသွားတတ်ပါတယ်။ တကယ်တော့ နဂါးမောက်သီးခွာနည်းက ထောပတ်သီး လှီးသလိုပါပဲ အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းရမှာပါ။

အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီးမှ အသားကို အခွံနဲ့ ကွာသွားအောင် ခွဲလိုက်ရမှာပဲဖြစ်ပါတယ်။

တစ်ခါတည်းနဲ့ အတုံးအကြီးကြီး မခွဲချင်ဘူးဆိုရင်တော့ ဇွန်းလေးနဲ့ အသားတွေ ခပ်ထုတ်လို့လည်းရသလို ဓားရာပေးပြီး အတုံးသေးသေးလေးတွေ လှီးထုတ်လို့လည်း ရပါတယ်။

ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင်တော့ နဂါးမောက်သီး ဝယ်ယူရာမှာ ပုပ်နေတဲ့အသီးတွေကို ရှောင်ဝယ်နိုင်သလို ခွဲစားတဲ့အခါမှာလည်း အချိန်တိုအတွင်း လွယ်လွယ်ကူကူပဲ ခွဲစားနိုင်မှာဖြစ်ပါတယ်။

Source: thespruceeats.com