မေမေတို့ကို အားပေးချင်တာက မိမိတို့ရဲ့ သားသားမီးမီးလေးတွေဟာ အစားရွေးတဲ့သူဖြစ်ရင်တော့ စိတ်မပူပါနဲ့။ ဒီလိုအခြေအနေမျိုးကို မေမေတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကျောင်းစထားလို့ရတဲ့ အရွယ်အနည်းနဲ့အများဟာ အစားရွေးသူတွေပဲ ဖြစ်ကြပါတယ်။ အစားရွေးတဲ့ကလေးငယ်ကို ပိုင်ဆိုင်ထားရတဲ့မိခင်တွေမှာ အစားကျွေးချိန်ဆို အလွန်ဒုက္ခတွေ့ရပါတယ်။ သူတို့စိတ်ကြိုက်တွေပဲလုပ်ကျွေးတော့လည်း အာဟာရမပြည့်မှာကို စိုးရိမ်ရပြန်ရော။ သူတို့လေးတွေ မစားဖူးတဲ့ အစားအသောက်တွေကို စားဖို့ ငြင်းဆန်တာတွေ၊ အစားအသောက်တစ်ခုထဲကိုပဲ တစိုက်မတ်မတ်စားတာတွေက အစားဂျီးများတတ်တဲ့ ကလေးတွေရဲ့ အပြုအမူတွေပါပဲ။

မိခင်အများစုကတော့ ကလေးတွေကို ကိုယ်ခန္ဓာကြီးထွားစေသောအစာအုပ်စု (အသား၊ ငါး၊ နို့)၊ အင်အားဖြစ်စေသောအစာအုပ်စု (ဂျုံ၊ ပြောင်း၊ ဆန်)၊ ရောဂါကာကွယ်ပေးသောအစာအုပ်စု (အသီးအနှံ၊ ဟင်းသီးဟင်းရွက်) စတဲ့အစာအုပ်စုသုံးစုနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားစေချင်လို့ အတင်းအကြပ်ကျွေးပေမယ့်လည်း ကလေးတွေက ငြင်းဆန်လာတဲ့အခါ စေတနာကနေ ဝေဒနာဖြစ်သွားရပါတော့တယ်။ သင့်ကလေးငယ်ဟာ ကျန်းမာပျော်ရွှင်နေပြီး စုံလင်တဲ့အစားအသောက်တွေကို စားနေသရွေ့ အသီးအရွက်စားဖို့ကို မဖြစ်မနေ တိုက်တွန်းနေစရာမလိုတော့ပါဘူး။

တကယ်လို့ မေမေတို့ရဲ့ကလေးငယ်ဟာ အစားရွေးတတ်တဲ့ကလေးဖြစ်တယ်ဆိုရင်တော့ အခုပြောပြပေးသွားမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်ဖို့ အကြံဉာဏ်အချို့ပေးချင်ပါတယ်။ ပထမနည်းလမ်းကတော့ ကလေးငယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်ကိုလည်းကျွေးရင်း သူမစားဖူးသေးတဲ့ အစားအသောက်အသစ်တွေကိုလည်း ပူးတွဲကျွေးကြည့်သင့်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း ကိုယ်ကိုယ်တိုင်မစားဖူးသေးတဲ့ အစားအသောက်တွေကို စားပြရင်းနဲ့ ရှေ့ဆောင်လမ်းပြလိုမျိုး လုပ်ပြပေးနိုင်ပါတယ်။ တွေ့သမျှ မြင်သမျှ လုပ်သမျှကို သင်ယူနေတတ်တဲ့ ဒီလို ၃နှစ်နဲ့ အထက်အရွယ်လေးတွေဟာ ကိုယ့်မိဘလုပ်တာတိုင်းကို သူတို့လေးတွေပါ စမ်းလုပ်ကြည့်ချင်တဲ့ စိတ်တွေထက်သန်လာစေမှာ အမှန်ပါ။

နောက်ပြီး သူတို့လေးတွေ အာဟာရမျှတဖို့ အစားအသောက်အတွက် တစ်ပတ်စာ Meal Plan လေးဆွဲထားပါ။ အစားအသောက်အတွက် Meal Plan ဆွဲတဲ့အခါမှာလည်း သူတို့လေးတွေ ဘာစားချင်လဲ မေးတာဖြစ်ဖြစ် ဈေးဝယ်ထွက်တဲ့အခါ အတူခေါ်သွားပြီး စားချင်တဲ့ ဟင်းသီးဟင်းရွက်ကို စိတ်ကြိုက်ရွေးချယ်ခိုင်းတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ သို့မှသာ သူတို့အတွက် တကူးတက ပြင်ဆင်ပေးရခြင်းမျိုးမဟုတ်ဘဲ မေမေတို့ပါ သက်သာစေမယ့် Win-Win အနေအထားပါ။

နောက်တစ်နည်းကတော့ Meal Plan အတိုင်းပြင်ဆင်ပေးကာ မစားဖူးသေးတဲ့ အစားအစာတွေကို စာရင်းပြုလုပ်ပြီး သူတို့လေးတွေလည်း အစားအသောက်ကို စိတ်ဝင်စားလာအောင် ဒီနေ့ ဘာလုပ်စားရင်ကောင်းမလဲဆိုပြီး Food Bingo လိုမျိုးစိတ်ဝင်စားစေမယ့် ဂိမ်းလေးတွေဆော့ပေးပါ။ ဒီနည်းလမ်းလေးကလည်း ကလေးတွေကို အာဟာရပြည့်စုံမျှတတဲ့ အစားအသောက်တွေကို စားဖြစ်အောင် အထောက်အကူပြုပေးနိုင်ပါတယ်။