ထမင်းတွေချည်းစားနေရလို့ အီနေပြီဆိုသူများအတွက် အပြောင်းအလဲလေးဖြစ်အောင် ဒီခေါက်ဆွဲလေးချက်စားကြည့်ရအောင်။ ပုံမှန်စားနေကြ ရိုးရိုးခေါက်ဆွဲမဟုတ်ဘဲ ပန်းဂျုံခေါက်ဆွဲကို အသုံးပြုထားလို့ အရသာသစ်တစ်မျိုးကို ခံစားရမှာပါ။ အချိန်အနည်းငယ်ပေးလိုက်ရုံနဲ့ ဒီလိုအရသာရှိတဲ့ ခေါက်ဆွဲတစ်ပွဲကို ရရှိမှာမို့လို့ အခုပဲကြည့်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲအတွက်

  • ပန်းဂျုံမှုန့် – ခွက်တစ်ခွက်ရဲ့ ၅ ပုံ ၄ ပုံ
  • လုံးတီးဂျုံမှုန့် – ခွက်တစ်ခွက်ရဲ့ ၅ ပုံ ၁ ပုံ
  • ရေနွေးပူပူ – ခွက်တစ်ခွက်ရဲ့ ၂ ပုံ ၁ ပုံ
  • ဆား – အနည်းငယ်
  • ကော်မှုန့် သို့မဟုတ် ပြောင်းမှုန့်

မွှေကြော် ကြော်ဖို့အတွက်

  • Teriyaki Sauce – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ (ပါးပါးလှီးပြီး) – ၂ လုံး
  • မုန်လာဥနီ (အချောင်းလေးတွေ) – ၂ လုံး
  • ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်သွန်မြိတ် (လှီးပြီးသား) – အနည်းငယ်
  • ကောက်ရိုးမှို (လှီးပြီးသား) – ၂၅၀ ဂရမ်
  • ဆား – အနည်းငယ်

ခေါက်ဆွဲပြုလုပ်ပုံအဆင့်ဆင့်

၁။ ပန်းဂျုံမှုန့်၊ လုံးတီးဂျုံမှုန့်၊ ဆားတို့ကို ပန်းကန်လုံးအကြီးထဲသို့ ဆန်ခါချပါ။

၂။ ရေကို နည်းနည်းစီလောင်းချပြီး လက်ချောင်းလေးတွေနဲ့ ဂျုံမှုန့်တွေကို ပွတ်သပ်ပေးပါ။ ဂျုံမှုန့်ညက်ဖြစ်လာသည်အထိ သေချာနယ်ပေးပြီး ခြောက်သွားပါက ရေအနည်းငယ်ထည့်ပြီး နောက်ထပ်နယ်ပေးပါ။

၃။ မီးဖိုချောင်သုံးအဝတ်စိုတစ်ခုကို အပေါ်မှဖုံးအုပ်လိုက်ပြီး ရေခဲသေတ္တာအတွင်း နာရီဝက်သိမ်းထားပါ။

၄။ အချိန်ပြည့်ရင် ထုတ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်နယ်ပါ။ အလုံးလေးလုံးအဖြစ်ခွဲလိုက်ပြီး တစ်ခုချင်းစီကို ပြောင်းမှုန့် သို့မဟုတ် ကော်မှုန့်ထဲထည့်ပေးပါ။

ပြီးသွားလျှင်တော့ ဂျုံမှုန့်ညက်ကို ပါးနိုင်သမျှပါးအောင် တလိမ့်တုံးနဲ့ လှိမ့်ပေးပါ။ လှိမ့်နေစဉ်မှာလည်း မကပ်သွားအောင်လို့ ပြောင်းမှုန့်အနည်းငယ်ကို ဖြူးဖြူးပေးပါ။

၅။ ထောင့်မှန်စတုဂံပုံရလာတဲ့ အလွှာတွေကို တစ်ခုနဲ့တစ်ခုထပ်ပေးပါ။ တခုသတိထားရမှာက မကပ်သွားအောင် တခုနဲ့တခုကြားမှာ ပြောင်းမှုန့်လုံလုံလောက်လောက်ကို ဖြူးပေးပါ။

ထို့နောက် ဓားကြီးကြီးကိုသုံးပြီး သတိထား၍ ပါးပါးလေးတွေလှီးပေးပါ။

၆။ လက်ကိုင်တပ်ဒယ်အိုးအကြီးကို ရေထည့်တည်ပြီး ခေါက်ဆွဲတွေကို နည်းနည်းစီ ၂ မိနစ်ကြာချက်ပေးပါ။

၇။ ဒယ်အိုးစောက်ထဲသို့ ဆီထည့်၊ အပူပေးပြီး ကြက်သွန်တွေ နူးအိသွားသည်အထိ ၃ မိနစ်ကြာလောက် ဆီသပ်ပေးပါ။ ပြီးရင် မှို၊ မုန်လာဥနီတို့ကိုလည်း ရောထည့်ပြီး သေချာမွှေပေးပါ။

၈။ ပြီးလျှင် ခေါက်ဆွဲ၊ Teriyaki Sauce တို့ကိုလည်းထည့်ပြီး သေချာရောသမအောင်မွှေပေး၍ နှစ်မိနစ်ထားပေးပါ။

၉။ ဆားနဲ့အရသာကိုညှိပြီးသွားလျှင် ကြက်သွန်မြိတ်များထည့်လိုက်ပြီး ချက်ချင်းစားသုံးနိုင်ပါပြီ။