ဟိုတယ်မှာ ဈေးကြီးပေးပြီး ဝယ်စားရတဲ့ အမဲသားကင်လေးကို မိမိဘာသာအိမ်မှာပဲ ပြင်ဆင်ပြုလုပ်လို့ရမယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ Oven လေးတစ်လုံး ရှိရုံနဲ့တင် အရသာရှိတဲ့ ဟင်းလျာအမျိုးမျိုးကို ပြင်ဆင်ချက်ပြုတ်နိုင်တာကြောင့် အိမ်ရှင်မတိုင်းရဲ့ မီးဖိုချောင်ထဲမှာ Oven လေးတစ်လုံးဆောင်ထားဖို့တော့လိုမယ်နော်။

ပါဝင်ပစ္စည်းများ

Photo Source: merckfoods.com

  • အမဲနံရိုး ၂ တုံး
  • သေးနိုင်သမျှ အသေးဆုံးလှီးဖြတ်ထားသည့် နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မွှာ (ပါးပါးလှိးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်ခန့်

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်သွန်ဖြူ၊ နံနံပင်၊ ရှာလကာရည်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး မွှေပေးပါ။

ထို့နောက် အမဲသားတုံး နှစ်တုံးကို ပန်းကန်လုံးထဲထည့်ပြီး ဟင်းအနှစ်များ အသားထဲစိမ့်ဝင်သွားအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် အသားတုံးများကို အလုံပိတ်အိတ်ထဲထည့်ပြီး ပိုလျှံနေသော ဟင်းအနှစ်များကို ထိုအိတ်အပေါ်မှာ လောင်းချလိုက်ပါ။ အိတ်ထဲလေမဝင်အောင် အလုံပိတ်ထားဖို့လည်း မမေ့ပါနဲ့။ ပြီးရင် ရေခဲသေတ္တာထဲမှာ အချိန်ကြာကြာထည့်ထားလိုက်ပါ။ တစ်ညလောက် ထည့်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ပြီးရင်တော့ မချက်ပြုတ်ခင် တစ်နာရီလောက်အလိုကတည်းက ရေခဲသေတ္တာထဲမှာ ထုတ်လိုက်ပါ။ အခန်းအပူချိန်နဲ့ ညီမျှနေအောင်လို့ပါ။

Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်နဲ့ အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ အမဲသားတုံးများ ထည့်ကြော်ပါ။ အသားတစ်ခြမ်းစီကို သုံးမိနစ်စီကြော်ပေးပါ။ ကြော်နေတဲ့အချိန်မှာ ဆားအနည်းငယ်ဖြူးပြီးကြော်ပေးပါ။

ကြော်ထားတဲ့ အမဲသားတုံးများကို ကင်မယ့်လင်ဗန်းထဲထည့်ပါ။ ဒယ်အိုးထဲက ဆီများကိုလည်း တစ်ပါတည်း ထည့်လိုက်ပါ။ ထို့နောက် Oven ထဲမှာ ၇ မိနစ်ကနေ ၉  မိနစ်အထိ ထည့်ကင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားကင်ကို သုံးဆောင်နိုင်ပါပြီ။ ချိစ်အာလူးထောင်းနဲ့လည်း အတူတူတွဲဖက်စားသုံးပေးနိုင်ပါသေးတယ်။

Source: www.mydeliciousmeals.com