ပါဝင်ပစ္စည်းများ

  • ထမင်း
  • မုန်လာဥနီ
  • ကိုရီးယား မုန်လာဥဝါ (Danmuji)
  • Spinach (အရွက်)
  • ကြက်ဥ
  • အမဲသား
  • ဆား
  • နှမ်းဆီ
  • နှမ်း  အနည်းငယ်

ပြုလုပ်နည်း
ထမင်း – ထမင်းလိပ် ပြုလုပ်ရန် အတွက် ထမင်းချက် ရပါမယ် ။   ထမင်းလိပ် ထမင်းက အရမ်းပျော့ ၊ အရမ်းမာလို့ မရပါဘူး ။ထမင်းဆန် တစ်လုံးချင်း ဖြစ်ပြီး လှနေ ရပါမယ် ။  (ဆန်-1kg = ရေ – 1300ml) နှင့် ထည့်ပြီး ထမင်းချက် ရပါမည် ။

မုန်လာဥနီ – မုန်လာဥနီကို အမျှင် ဖြစ်အောင် ဂျစ်ဖြင့် ခြစ်ပြီး ဆား အနည်းငယ် ထည့်ပြီး နယ်ထားပါ ။အရည်များ ထွက်လာပါက ညှစ်ထုတ်ပြီး ဒယ်အိုး ထဲသို့ ဆီ အနည်းငယ် ထည့်၍ ကြော်ကာ အအေးခံ ထားပါ ။

ကိုရီးယားမုန်လာဥဝါ (Danmuji) – ရယ်ဒီမိတ် အထုတ်များ Market များတွင် ရောင်းပါသည် ။ အချို့ အထုတ်များသည် ရယ်ဒီမိတ် လှီးပြီးသားများ ဖြစ်၍ ၊ အချို့ အထုတ်များသည် မုန်လာဥ အတုံးပုံများ ဖြစ်သည် ။ မလှီးရသေးပါက အချောင်းပုံ လှီးပေးရန် လိုပါသည် ။ ပုံဖြင့် ဖော်ပြထား ပါသည် ။

4. Spinach (အရွက်)  –  ကဇွန်းရွက်လို အရွက်မျိုး ဖြစ်သည် ။  ဝယ်၍ မရပါက မထည့်၍ ရပါသည် ။   ရေနွေး ပူပူထဲ ၃၀ စက္ကန့် ထည့်ပြုတ်၍ ရေအေးဖြင့် စင်အောင် ဆေးပြီး ရေစင်အောင် ညှစ်ပါ ။   ကြက်သွန်ဖြူ တစ်မွှာကိုနု ပ်နုပ်စဉ်းထည့် ၊ ဆား အနည်းငယ် ထည့်၍ နှမ်းဆီ အနည်းငယ် ထည့်ပြီး နယ်ထားပါ ။  ပုံတွင် ဖော်ပြ ထားပါသည်။

ကြက်ဥ – ဆား အနည်းငယ် ထည့်ပြီး ခေါက်၍ ဒယ်အိုးထဲသို့ ဆီ အနည်းငယ်မျှ ထည့်၍ အချပ်လိုက် ကြော်ကာ အအေးခံပြီး ပုံတွင် ပြထား သကဲ့သို့ အချောင်းပုံ လှီးထားပါ ။

အမဲသား – အမဲသားကို ပါးပါးလှီး၍ ကြက်သွန်ဖြူ တစ်မွှာ နုပ်နုပ်စဉ်း ထည့်ပြီး (Soy Sauce+သကြား+ငရုပ်ကောင်းမှုန့်) အနည်းနယ်စီ ထည့်ပြီး နယ်ပါ ။  ဒယ်အိုးထဲသို့ ဆီ အနည်းငယ် ထည့်ပြီး ကြော်ကာ ဆီစစ် ထားပါ ။

ထမင်း ကျက်သွားပါက ဇလုံ တစ်ခုထဲသို့ ထည့်၍ ဆား အနည်းငယ် ထည့်ပါ ။  နှမ်းဆီထည့်ပါ ။  နှမ်းများများ ဖြူးပြီး ဖြေးညှင်းစွာ နံှအောင် ယောင်းမဖြင့် နယ်ပါ ။

ထို့နောက် ပုံတွင် ပြထားသည့် အတိုင်း ရေညှိဖက် အချော မျက်နှာပြင်ကို အောက်ဖက်တွင် ထားပြီး အပေါဘက် ရေညှိပေါ်တွင် ထမင်းကို ဖြန့်ခင်းကာ ပါဝင် ပစ္စည်းများ ထည့်ပြီး လိပ်ပါ။

ထမင်း ဖြန့်ခင်းသည့် အခါ ရေညှိ အပေါ်ဘက် ထိပ်ကို နှစ်လက်မခန့် နေရာလွတ် ချန်ထားရန် လိုပါသည် ။ သို့မှသာ ထမင်းလိပ်သည့် အခါ အနား စသည် တစ်ဖက်တွင် သွားကပ်နေပါမည် ။ *** (မှတ်ချက်  –  ထမင်းလိပ်ကိုအမဲသားမထည့်၍လည်း ရပါသည် ။ မိမိ ကြိုက်နှစ်သက်ရာ လေးငါးမျိုး အသုံးပြု၍ ပြုလုပ်နိုင်ပါသည် ။

သခွားသီး ၊ ဂဏန်းချောင်း ၊ Fish Cake ထည့်ပြီး လိပ်လို့လည်း ရပါသည် ။  ရေညှိဖက်ပေါ်တွင် ထမင့်းဖြန့်ခင်းပြီး ပြောင်းပြန် တစ်ဖက်သို့လှန်၍ ပါဝင် ပစ္စည်းများ ထည့်ပြီး လိပ်လျှင်  ပုံတွင် ပြထားသည့် အတိုင်း အဖြူ ရောင် ထမင်းလိပ်ကို ရရှိပါသည် ။)

Credit: ဇွဲသုသု