ကိုရီးယား Spicy ခေါက်ဆွဲဆိုရင်တော့ မိန်းကလေးတော်တော်များများ ကြိုက်ကြမှာပါ။ သူ့ရဲ့ Original အရသာကလည်း စားလို့ကောင်းနေတာကို ပိုပြီးအရသာရှိအောင်သာ လုပ်စားလိုက်မယ်ဆိုရင်တော့ ပြောနေစရာမလိုလောက်အောင်ကို စွဲမက်စရာကောင်းသွားမှာပါ။

ကိုရီးယား Spicy ခေါက်ဆွဲကို ချိစ်နဲ့နွားနို့နဲ့ရောပြီး စိမ့်စိမ့်လေးနဲ့ စားလို့ပိုကောင်းသွားအောင် လုပ်ရမယ့်နည်းလမ်းလေးကို မျှပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယား Spicy ခေါက်ဆွဲ (Ramen ခေါက်ဆွဲ) ၊ နွားနို့ဘူးသေး – တစ်ဘူး၊ ကြက်ဥချောင်း – နှစ်ချောင်းနဲ့ ချိစ်ပြားတွေလိုအပ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို City Mart တွေမှာ ဝယ်ယူနိုင်ပါတယ်။

စတင်ပြုလုပ်ဖို့ ကြက်ဥချောင်း နှစ်ချောင်းကို အရင်လှီးလိုက်ပါ။ ပြီးရင်တော့ ခေါက်ဆွဲပြုတ်ထားလိုက်ပါ။ ခေါက်ဆွဲမကျက်တကျက်လေးဖြစ်လာပြီဆိုရင်တော့ ရေစစ်ပြီး ပန်းကန်ထဲထည့်ထားပါ။

လှီးထားတဲ့ကြက်ဥချောင်းတွေကို ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။ နည်းနည်းကျက်ပြီဆိုရင်တော့ နွားနို့ဘူးသေးလေးကို ဖောက်ထည့်လိုက်ပါ။ နွားနို့တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနကပြုတ်ထားတဲ့ ခေါက်ဆွဲတွေကို ထည့်ပြုတ်ပါ။

ပွက်ပွက်ဆူလာပြီဆိုမှ ခေါက်ဆွဲမှာပါတဲ့ အထုပ်တွေကိုထည့်ပြီးနယ်လိုက်ပါ။ ဒီအချိန်ဆိုရင်တော့ နွားနို့တွေလည်း ခမ်းနေပါပြီ။ ခေါက်ဆွဲတွေကို နှံ့အောင်နယ်ပေးပြီးပြီဆိုမှ ချိစ်ပြား တစ်ပြားလောက်ကို ထည့်မွှေလိုက်ပါ။

နောက်ဆုံးမှာတော့ ပန်းကန်ထဲပြောင်းထည့်ပြီးစားသုံးနိုင်ပါပြီ။ ခေါက်ဆွဲပြုတ်တာတောင် ပညာသားပါတယ်နော်။ ချိစ်လည်းပါသလို၊ နွားနို့လည်းပါတော့ စိမ့်စိမ့်လေးနဲ့ စပ်တဲ့အရသာလေးကိုလည်း ရရှိစေမှာပါ။ အားလုံးပဲ ဒီခေါက်ဆွဲပြုတ်နည်းလေးကို သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Photo Source: www.chiekheng.com