ကိုရီးယားအမဲသားစွတ် (Korean Beef Soup) ပြုလုပ်နည်း ပြန်တင်ပေးပါလို့တောင်းဆိုလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ Korean Spicy Beef Soup with Vegetables (Yukgaejang) ကိုရီးယား အမဲသားစွတ်အစပ်လေး ဘယ်လိုချက်လဲဆိုတာပြောပြပါမယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား (Beef Brisket) – ၁ ကီလို
  • အမဲရိုး – ကီလိုဝက်
  • မှို (Shiitake Mushrooms) – (အနည်းငယ်)
  • ပဲပင်ပေါက် – (အနည်းငယ်)
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • Gosari (ဒရင်ကောက်ပင်) – အနည်းငယ်
  • ဂျင်း – ၃၅ ဂရမ်

ပြင်ဆင်ပြုလုပ်နည်း

ပထမဦးစွာ အမဲသား ၁ ကီလိုနှင့် အမဲရိုးကီလိုဝက်တို့အား ရေ ၁၅- မိနစ်ခန့် စိမ်ထားပြီး ရေစင်အောင်ဆေးပါ။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး ၁၅ – မိနစ်ခန့် ပြုတ်ကာ ရေများသွန်ချပြီး ရေစင်အောင်ထပ်ဆေးပါ။ သို့မှသာ အမဲသားအနံ့ကောင်းပြီး စွတ်၏အရောင်လှပါမည်။ ပြီးနောက် ရေသင့်တော်သလောက်ထည့်ပြီး ဂျင်း ၃၅ ဂရမ်(လက်သုံးသစ်ခန့်)ထည့်ပြီး အသားနူးအောင်ပြုတ်ပါ။

အသားနူးလာပါက ဆယ်၍ အေးခံထားပြီး အမွှားလေးတွေဖြစ်အောင် အသားကိုမွထားပါ။ အရိုးတုံးများကို ပစ်ထုတ်လိုက်ပါ မသုံးတော့ပါဘူး။ စွတ်အရောင်လှအောင် ထည့်ပြုတ်ခြင်း ဖြစ်ပါတယ်။ စွတ်အရည်များအား မသွန်ပြစ်ပါနှင့် အသုံးပြုပါမည်။

ထို့နောက် ချက်မည့်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ အသင့်ပြု လုပ်ထားသည့်ငရုပ်သီးဆော့အား ထည့်၍ ဆီသတ်ပါ။ ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။ မှိုကို ပါးပါးလှီးထည့်ပါ(မိမိကြိုက်နှစ်သက်သည့်မှိုသုံးနိုင်သည်)။ ကြက်သွန်မြိတ်ကို ခပ်ကြီးကြီးလှီးထည့်ပါ။ Gosari(အညိုရောင်အချောင်းလေး) မြန်မာပြည်တွင် ဒရင်ကောက်ပင်ဟုခေါ်သည် ပုံဖြင့်ဖော်ပြထားပါသည်။ မရှိလျှင် မထည့်လို့ရသည်။

ပဲပင်ပေါက် အနည်းငယ်ထည့်ပါ။ အအေးခံ၍ အသင့်နွှင်ထားသည့် အမဲသားထည့်ကာ အားလုံးရောမွှေပါ။ အနံ့မွှေးလာပါက အမဲသားပြုတ်ထားသည့် စွတ်အရည်ထည့်ကာ ၁၅- မိနစ်ခန့်မီးပြင်းပြင်းဖြင့် တည်ထားကာ ဟင်းရည်ပွက်လာပါက ကြက်ဥသုံးလုံးအား ခလောက်ထည့်ပြီး မွှေပေးပါ။ ထို့နောက် အပေါ့အငံမြည်း၍ အသင့်သောက်သုံးနိုင်ပါသည်။ အငံလိုပါက ငံပြာရည်(light)အနည်းငယ်ထည့်၍ အချို လိုပါက ဟင်းခပ်မှုန့်အနည်းငယ်ထပ်ထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။

ဆော့ပြုလုပ်ရန်

    • ငံပြာရည် (Light) – ၄ ဇွန်း(စားပွဲတင်ဇွန်း)
    • နှမ်းဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
    • ငရုပ်သီးအရောင်တင်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
    • ကိုရီးယားငရုပ်သီးမှုန့် – ၄ ဇွန်း (လက်ဖက်ရည် ဇွန်း)
    • ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
    • ကြက်သွန်ဖြူ – ၄ မွှာ
    • ငရုပ်ကောင်းမှုန့် (အနည်းငယ်) ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး သမအောင်မွှေထားပါ။

Credit: ဇွဲသုသု