သူငယ်ချင်းတို့ ဗိုက်စာနေရင် ကိုရီးယား ခေါက်ဆွဲအေး Korea Cold Noodles (Naengmyeon) လေးလုပ်စားကြရအောင်။

ကိုရီးယား ခေါက်ဆွဲအေးမှာ ၂ – မျိုး ရှိပါတယ်။ အရည်နှင့်စားတဲ့ Mul Naengmyeon နဲ့ ငရုပ်ဆီနှင့်စားတဲ့ ခေါက်ဆွဲသုပ် Bibim Naengmyeon ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခု ကျွန်တော်ပြောမှာက ခေါက်ဆွဲသုပ် Bibim Naengmyeon ပါ။ Bibim Naengmyeon သုပ်စားရင် အဓိက ကတော့ သူ့ထဲ ထည့်တဲ့ ငရုပ်ဆီဆော့ပါပဲ။ ငရုပ်ဆီဆော့ပြု လုပ်နည်းလေး ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ အလတ် – ၁ လုံး
  • ကိုရီးယား ငရုပ်သီးအနှစ် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ရှာလကာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • နှမ်း – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းမှုန့် – ဇွန်း လေးပုံ တစ်ပုံ (စားပွဲတင်ဇွန်း)
  • ဆား – ဇွန်းဝက် (လဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ – ၁ (လဖက်ရည်ဇွန်း)
  • နှမ်းဆီ – ၄ ဇွန်း (လဖက်ရည်ဇွန်း)

ပြုလုပ်နည်း

(ငရုပ်ဆီ ပြုလုပ်နည်း)

  1. ကြက်သွန်နီ၊ ကိုရီးယား ငရုပ်သီးအနှစ်၊ ရှာလကာရည်၊ သကြား၊ နှမ်း၊ ငရုပ်ကောင်းမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ နှမ်းဆီတို့ အားလုံးကို ရောပြီး အသုတ် သုပ်စားရန် အတွက် ငရုပ်ဆီ ပြုလုပ်ထားပါ။
  2. ပုံတွင် ပြထားသော ကိုရီးယားခေါက်ဆွဲကို ၅ မိန်, ၆ မိနစ်ကြာ ရေထည့်ပြုတ်ပါ။ ခေါက်ဆွဲနူးလာရင် ဇကာဖြင့် စစ်ပြီး ရေဆေး။ ထို့နောက် ရေခဲတုံးလေးတွေ ထည့်ပြီး ခေါက်ဆွဲကိုနယ်၍ ထပ်ဆေးပေးပါ။ ခေါက်ဆွဲအသားပိုနူးညံ့ပြီး။ အေးနေပါလိမ့်မယ်။ (အိမ်မှာ လုပ်စားတာကတော့ ကိုရီးယား ခေါက်ဆွဲ မရရင် ရိုးရိုးအသုတ် သုတ်စားတဲ့ ခေါက်ဆွဲ အဝါနှင့် သုပ်စားပါ။ အရသာတော့ ကွာပါတယ်။)

(ခေါက်ဆွဲသုပ်ရန်)

  1. ကြက်ဥ တစ်လုံး ပြုတ်ပြီး အခွံနွှာထားပါ။
  2. ဂျပန်သခွားသီးကို ပါးပါးလှီးထားပါ။
  3. သစ်တော်သီးကို အချောင်းပုံလေးတွေ ပါးပါးလှီးပါ။
  4. (ပုံမှာပြထားတဲ့ အတိုင်းပြင်ပါ) ပြုလုပ်ထားသော ငရုပ်ဆီဆော့ ထည့်ပြီး သုပ်စားနိုင်ပါပြီ ။

***မှတ်ချက်  –  ပုံမှာ ပြထားသည့်အတိုင်း ပြင်တဲ့အခါ ခေါက်ဆွဲရဲ့ အပေါ်မှာ ကင်ချီမတင်ပဲ ၊ မုန်လာဥအနီကို ပါးပါးလှီးပြီး တင်လည်း ရပါတယ်။ အရောင်အတွက်ပါ။  အရောင်စုံ လှအောင်လုပ်တဲ့ သဘောပါ။ ကိုယ်ကြိုက်တာ ထည့်စားပေါ့နော်။ ခြောက်နေရင် နှမ်းဆီလေး ဆမ်းပြီး သုပ်ပါ။

Credit: ဇွဲသုသု