Korean Rice Ball ဆိုတာ ကိုရီးယား ထမင်းလိပ်လိုပါပဲ ။  ထမင်းလိပ်လို အလိပ်မလိပ်တော့ပဲ ဘောလုံးပုံစံ အလုံး လုပ်ထားတာပါ ။  ပထမဆုံး မိမိထည့်ပြီး လုံးလိုသော ပစ္စည်းများကို အသင့် ပြုလုပ်ထားရပါမယ် ။ ကြိုက်နှစ်သက်ရာ အကုန် ထည့်လို့ ရပါတယ် ။  ကလေးများ အထူး ကြိုက်နှစ်သက် ကြပါတယ် ။

12920269_1714446168834761_7931973074522160767_n

ပါဝင်ပစ္စည်းများ

  • ထမင်းပူပူ
  • ကြိုက်ရာ အသားငါး – အမဲသား ၊ ကြက်သား ၊ ဝက်သား ၊ ပုဇွန် စသည်ဖြင့် (သေးသေးနုပ်နုပ်လေး စင်းထားပါ)
  • အသီးအရွက် – သခွားသီး ၊ မုန်လာဥနီ ၊ ပြောင်းဖူး ၊ ပဲစိမ်းအစေ့ (အသင့်ပြုပ်ပြီး ။ အသီးအနှံများကို သေးသေးနုပ်နုပ်လေး လှီးထားပါ)
  • ဆား – အနည်းငယ်
  • ဆီ – အနည်းငယ်
  • နှမ်းဆီ – အနည်းငယ်
  • နှမ်း – အနည်းငယ်

ပြုလုပ်နည်း

(အမဲသား ၊ ကြက်သား—-စသည်ဖြင့်) ကြိုက်ရာ အသားငါး ကို သေးသေးနုပ်နုပ်လေးတွေဖြစ်အောင် ဓားဖြင့်စင်းပြီး အပေါ့အငံ ထည့်နယ်၍ ဆီအနည်းငယ် ထည့်ပြီးကြော်ကာ ဆီစစ်ထား ရပါမယ် ။

အသီးအရွက် (Vegetable) ကိုလည်း သခွားသီး ၊ မုန်လာဥနီ ၊ ပြောင်းဖူး ၊ ပဲစိမ်းအစေ့ (အသင့်ပြုပ်ပြီး) ကြိုက်နှစ်သက်ရာ ထည့်လို့ ရပါတယ် ။ ထည့်လိုသော အသီးအနှံများကို သေးသေးနုပ်နုပ်လေးတွေ ဖြစ်အောင်လှီးပြီး ဆီ အနည်းငယ် ၊ ဆား အနည်းငယ်မျှ ထည့်ကာ ပူတယ်ဆိုယုံမျှ တစ်ချက်နှစ်ချက် မွှေကြော်ပြီး ဇကာဖြင့် ဆီ စစ်ထား ရပါမယ် ။

အဓိက ထမင်းပါပဲ ။  ချက်ထားပြီးကာစ ထမင်းပူပူထဲကို ဆားအနည်းငယ် ထည့်ပါ ။  နှမ်းဆီ အနည်းငယ် ဆမ်းပါ ။ နှမ်း အနည်းငယ် ဖြူးကာ ဖြေးညှင်းစာ ခပ်ဖွဖွလေး နယ်ပေးရပါမယ် ။ ထို့နောက် အပေါ့,အငံ အရသာ မြည်းကြည့်ကာ အရသာ အနေတော် ဖြစ်ပါက အလုံးလေးတွေ စပြီး လုံးလို့ ရပါပြီ ။

Rice-Ball အလုံးလေးတွေကို ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ ဖြစ်အောင် လုံးလို့ရပါတယ်။

အစိမ်းရောင်အလုံး – ပြုလုပ်လိုပါက သခွားသီးနှင့် အသား တစ်မျိုးမျိုး ။

ပုံတွင် ပြထားသလို – ရေညှိနှင့် (ရယ်ရီမိတ်ငါးသေတ္တာဗူး) ကြိုက်နှစ်သက်သလို ပြုလုပ်လို့ရပါတယ်

***မှတ်ချက် – Rice Ball ပြုလုပ်သည့်အခါ ပလက်စတစ် လက်အိပ် ဝတ်ပြီး လုံးရပါမယ် ။ (လက်မှာ မကပ်နေစေရန်)

ကြော်ထားသည့် အသီးအနှံများ ဆီခြောက်အောင် စစ်ရပါမယ် ။လက်ဖြင့် ညှစ်ထုတ်လို့ ရပါတယ် ။ (ဆီမများစေရပါဘူး) ။ ဒါမှ ထမင်းက ပုံမပျက် အလုံးပုံလေး ဖြစ်နေမှ ဖြစ်ပါတယ် ။

Credit: ဇွဲသုသု