အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားကြက်ဥလိပ်ပြုလုပ်နည်းက ပုံမှန်ကြက်ဥကြော်သလိုပဲ လွယ်ကူရိုးရှင်းပြီး အချိန်တိုအတွင်းပြင်ဆင်ပြုလုပ်နိုင်ပါတယ်။

ထမင်းစားတဲ့အခါမှာလည်း အရန်ဟင်းအနေနဲ့ သုံးဆောင်လို့ရသလို၊ ပျော်ပွဲစားထွက်တဲ့အခါမှာလည်း သရေစာမုန့်အဖြစ်သုံးဆောင်နိုင်ပါတယ်။

မိမိဘာသာ အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်လို့ရအောင်လို့ လွယ်ကူရိုးရှင်းတဲ့ ကိုရီးယားကြက်ဥလိပ်ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ကြက်သွန်နီ ဥသေး တစ်ခြမ်း (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကိုရီးယားရေညှိ တစ်ပြား

Photo Source: www.maangchi.com

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

အရင်ဆုံး ကြက်ဥ ၃ လုံးကို မွှေခလောက်လိုက်ပါ။ ပြီးရင် ကြက်သွန်နီနဲ့ မုန်လာဥနီတို့ ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

Photo Source: www.kimchimom.com

ဒယ်အိုးအပူပေးပြီး ဆီထည့်ကာ ဆီကျက်သွားပြီဆိုရင် မွှေထားတဲ့ ကြက်ဥတွေကို ဒယ်အိုးထဲထည့်လိုက်ပါ။ မီးအပူကို အနိမ့်ဆုံးထားပါ။

Photo Source: www.kimchimom.com

မိနစ်အနည်းငယ်ကြာတဲ့အခါ ရေညှိပြားကို ကြက်ဥပေါ် တင်လိုက်ပါ။ ပြီးတဲ့အခါ ကြက်ဥကို ဘေးတစ်ဖက်တစ်ချက်စီကနေ လိပ်ပေးလိုက်ပါ။

ပန်းကန်ထဲထည့်ပြီး အအေးခံပြီးတဲ့နောက်မှာတော့ တစ်လက်မစီ အကွာအဝေးညီအောင်လို့ လှီးပေးလိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥကြော်စားရတာ ရိုးအီနေတဲ့သူတွေအတွက် အရသာအသစ်အဆန်းကို မြည်းစမ်းလို့ရမယ့် ကိုရီးယားကြက်ဥလိပ်ကို သုံးဆောင်နိုင်ပါပြီ။