ဒီတစ်ခါမှာတော့ ကိုရီးယားချစ်သူများအတွက် ဟင်းလျာချက်နည်းလေးတစ်ခု ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ကြက်တောင်ပံကို ကိုရီးယားစတိုင် ပဲငံပြာရည်သုံးပြီး ချက်ရတဲ့ဟင်းလျာလေးပါ။ ချိုမြိန်တဲ့အရသာလေးဆိုတော့ ကလေးတွေကတော့ အကြိုက်ပဲပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ၁၀ ခု
  • ပဲငံပြာရည်အကြည် – ၅ ဇွန်း(စားပွဲတင်ဇွန်း)
  • ပြောင်းဖူးရည် – ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၄ မွှာ
  • ကြက်သွန်နီ – ၁ လုံး
  • ငရုပ်ပွအနီ – ၁ လုံး
  • သကြားအညို – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • နှမ်းဆီ – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • နှမ်း – (အနည်းငယ်)
  • ဟင်းချက်ဆီ – (အနည်းငယ်)

ပြုလုပ်နည်း

ကြက်ပြုတ်ရည် – ၅ ဇွန်း (ကြက်တောင်ပံ ပြုတ်သည့် အရည်ကို သုံးမှာဖြစ်ပါတယ်) တို့ဖြစ်ပါသည်။ ပထမဆုံး ကြက်တောင်ပံ အရင်းသား ၁၀ ခုကို ရေစင်အောင် ဆေးပြီး ရေနွေးအိုးထဲသို့ ၈မိနစ်ခန့် ထည့်ပြုတ်ထားပါ။

ကြက်တောင်ပံကို လက်မောင်းရင်း အတုံးများကိုသာ အသုံးပြု ပါ့မယ်။ တောင်ပံ တစ်ချောင်းလုံး အသုံးပြု မည်ဆိုပါက ဆော့ အချိုးအစားကို အနည်းငယ် ပိုထည့်ရမှာ ဖြစ်ပါတယ်။

၈ မိနစ်ပြည့်ပါက ကြက်ပြုတ်ရည် ၅ ဇွန်း(စားပွဲတင်ဇွန်း)ကိုဖယ်ထားကာ ကြက်တောင်ပံများကို ဇကာဖြင့် ခံထားပြီး သွန်ချပါ။ ကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်း၍ ဒယ်အိုးထဲသို့ ဆီအနည်းငယ်မျှ ထည့်ပြီး ရွှေဝါရောင် ဖြစ်သည်ထိ ဆီသတ်ပါ။

ရေစစ် ထားသည့် ကြက်တောင်ပံများကို ထည့်ပြီး ကြက်သွန်ဖြူ နှင့်လှိမ့်ပါ။ပဲငံပြာရည် အကြည် ၅ဇွန်း ထည့်ပြီး အသင့် ဖယ်ထားသည့် ကြက်ပြုတ်ရည် ၅ဇွန်းကို ပါထည့်၍ အဖုံးပိတ်ကာ ၅ မိနစ်ခန့်မီးအေးအေးဖြင့် တည်ထားပါ။

သကြားအညို (Brown-Sugar) ထည့်ပါ။ မရှိပါက ရိုးရိုး သကြားအဖြူ အသုံးပြုလို့ရပါတယ်။ ခပ်ပါးပါးလှီး ထားသည့် ကြက်သွန်နီ နှင့် ငရုပ်ပွအနီ တို့ကို ထည့်ပြီးမွှေပါ။

ပြောင်းဖူးရည် ၃-ဇွန်းထည့်ပါ။ (ပြောင်းဖူးရည် ပုံဖော်ပြ ထားပါသည်။) ခပ်ပျစ်ပျစ်လေး ဖြစ်လာပါက နှမ်းဆီ ဖြန်းပြီး မီးပိတ်၍ ချနိုင်ပါပြီ။ ပန်းကန် တစ်ခု ထဲသို့ထည့်၍ အပေါ်တွင် ကြက်သွန်မြိတ် နှင့် နှမ်းဖြူး အလှဆင်၍ အသင့် စားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု