ပင်စိမ်းကို ရှေးကတည်းကသုံးခဲ့ကြပြီး အိန္ဒိယနိုင်ငံမှာတော့ ရိုးရာတစ်ခုအနေနဲ့ စားသုံးကြပြီး ဟင်းတိုင်းလိုလိုမှာ အသုံးပြုကြပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့လည်း အခုဆိုရင် ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုနေကြပါပြီ။

ပင်စိမ်းမှာလည်း အမျိုးအစားတွေ ကွဲပြားပါသေးတယ်။ Asian Basil ၊ Lemon Basil ၊ Holy Basil ဆိုပြီးတော့ လူသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ Lemon လို့ ခေါ်တဲ့ အမျိုး အစားကိုတော့ အသုံးများတာ တွေ့ရပါတယ်။ ထိုင်းဟင်းလျာတွေမှာလည်း မပါမဖြစ်ဆိုသလို ထည့်ကြပြီး အနံ့မွှေးရုံတင်မကဘဲ ကျန်းမာရေး ကောင်းကျိုးတွေပါ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ နေရာအတော်များများမှာ ပေါက်ရောက်ပြီး အပူပိုင်းမှာ ပိုပြီး ဖြစ်ထွန်းတာ တွေ့ရပါတယ်။ အဓိက အသုံးပြုတာကတော့ အရွက်နဲ့ အစေ့ပါ။ အပင်အမျိုးအစားကတော့ အရွယ်ငယ်ပြီး အရွက်က  သေးပါတယ်။

တပေါင်း တန်ခူးလတွေမှာ အဖူးတွေ ဖူးတတ်ပြီး အရသာကတော့ ပူစပ်စပ်နဲ့ အနံ့သင်းတဲ့ အရွက်မျိုးပါ။ မြန်မာတိုင်းရင်းဆေးဖော်ရာမှာလည်း အသုံးဝင်ပြီး ဒီအတိုင်း စားရင်လည်း ကျန်းမာရေး အကျိုး ပြုပါတယ်။
ပင်စိမ်းနဲ့ ရောဂါလေးဆယ်ဆိုပြီးတောင် ပြောကြပါတယ်။

နွေရာသီမှာ အဖြစ်များတဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပင်စိမ်းရွက်က ကူညီနိုင်ပါတယ်။ ဖိအားတွေများပြီး ခေါင်းကိုက်တာပဲဖြစ်ဖြစ် အပူအအေး ရုတ်တရက် မမျှလို့ ခေါင်းကိုက်လာတာမျိုး ဆိုရင်လည်း ပင်စိမ်းရွက်ကို ရေနွေးမှာ ထည့်သောက်ရင် သက်သာစေပါတယ်။ မြန်မာနည်းကတော့ အရည်ညှစ်ပြီး နားထင်မှာ လိမ်းပေးလို့လည်း ရပါတယ်။

နေလောင်ပြီး အမည်းစက်တွေ ဖြစ်တာမျိုးနဲ့ တင်းတိပ်ကွက်၊ ဝက်ခြံတွေကိုလည်း ပင်စိမ်းရွက် သတ္တုရည်ကို လိမ်းပေးရင် တဖြည်းဖြည်း သက်သာသွားစေပါတယ်။

ပင်စိမ်းမှာ သံဓာတ်ကြွယ်ဝတဲ့ အတွက် နွေရာသီမှာ ခံတွင်းပျက်တာတွေ ဖြစ်တာတို့ အမျိုးသမီးတွေ ရာသီလာခါနီး ခံတွင်းပျက်တာတို့ ဆိုရင် ပင်စိမ်းရွက်ကို ရေဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ် အရည်ညှစ်သောက်တာဖြစ်ဖြစ် လုပ်ပေးရင် ခံတွင်းကောင်းစေပါတယ်။

Lemon Basil

ရာသီဥတုကြောင့် ချောင်းဆိုးတာတွေ ဖြစ်နေတယ်ဆိုရင်လည်း ပင်စိမ်း သတ္တုရည်ကို ပျားရည်နဲ့ ဆတူရောပြီး တစ်နေ့ သုံးကြိမ်သောက်ပေးလို့ ရပါတယ်။ ပင်စိမ်းကို ရေနွေးစိမ်ပြီး သောက်ရင် အစာအိမ် အချဉ်ပေါက်တာ  လေထိုးတာတွေ သက်သာစေပါတယ်။

ပင်စိမ်းရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ ဆီးအောင့်သူတွေ ဆီးရွှင်လာအောင် အရွက်ကို စားပေးတာ ဖြစ်ဖြစ် အရည်သောက်တာဖြစ်ဖြစ် လုပ်လို့ ရပါသေးတယ်။

ကိုယ် ဉာဏ်ရှိသလို အအသုံးပြုပြီး အိမ်ရှင်မတွေ အနေနဲ့လည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုရင်း ကျန်းမာရေး အထောက်အကူတွေ သိရစေဖို့ မျှဝေလိုက်ပါတယ်။ အားလုံး ကျန်းမာကြပါစေ။

Credit: health.com