ထူးထူးဆန်းဆန်း ဟင်းလျာဖြစ်တဲ့ ကြက်သားမာလာလေး ချက်စားရအောင်။

ချက်နေကြ ဟင်းတွေကိုလည်းရိုးအီ ထူးထူးခြားခြား လတ်တလော ခေတ်စားနေတဲ့ မာလာကို အသုံးပြုပြီး လိုက်ဖက်တဲ့ အာလူးလေးနဲ့ရောပြီး အရသာအသစ်လေးကို စမ်းချက်ကြည့်တယ်။ အရသာကတော့ ဆိုင်မှာရောင်းတဲ့အတိုင်း ရှယ်ပဲ။

ချက်ရတာလည်း အဆင့်နည်းနည်းနဲ့ တကယ့်ကို ရိုးရှင်းပြီး အကုန်အကျမများဘူးနော်။ မိုးတွင်းမှာ ရှူးရှူးရှဲရှဲမာလာသရဲ စပ်စပ်လေးကိုမှ စားချင်တဲ့သူတွေအတွက်တော့ ကွက်တိပဲ။ အိမ်မှာရှိတဲ့ ဖေဖေမေမေ၊ ကိုကိုမမ၊ ခင်ပွန်းနဲ့ သားသားမီးမီးတို့မကျန် အကုန်နှစ်သက်မှာမလွဲပါနော်။

ပါဝင်ပစ္စည်းများ 

  • ကြက်သား (အသားချည်း) ၂၀၀ ဂရမ်
  • အာလူး ၃ လုံး
  • မုန်လာဥနီ ၁လုံးရဲ့ တစ်ဝက်
  • သခွားသီး ၁လုံးရဲ့ တစ်ဝက်
  • ကြက်သွန်ဖြူ ၅ မြွှာ

  • ဂျင်း လက်တစ်စစ်
  • မာလာ အနှစ်ထုပ်
  • ဆလပ်ရွက် အနည်းငယ် (အလှဆင်ရန်)
  • နံနံပင်

ပြုလုပ်နည်း 

(1) အရင်ဆုံး ကြက်သားကို အတုံးလေးတွေ တုံးထားလိုက်ပါ။ ဂျင်းကြက်သွန်ဖြူကို ရောထောင်းပြီး နှပ်ထားလိုက်ပါ။

(2) အာလူးကို ပါးပါးလှီးပြီး ဆားနဲ့ နာရီဝက်တစ်နာရီလောက် စိမ်ထားပေးပါ။ (အချိန်ကြာကြာစိမ်ထားလေ အာလူးက ထုတ်ထုတ်လေးနဲ့ ပိုစားလို့ ကောင်းပါတယ်။)

(3) ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ကာ မာလာအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်းကို ထည့်ပြီး အပူပေးလိုက်ပါ။

(4) ပြီးရင် ကြက်သားထည့်ပြီးချက်လိုက်ပါ။ နူးလာအောင် ရေအနည်းငယ်ထည့်ကာ အိုးကို အုပ်ထားပေးပါ။

(5) ကြက်သားနည်းနည်းနူးလာရင် အာလူးကိုထည့်ပြီး အပူပေးလိုက်ပါ။ အာလူးနူးအောင် ရေအနည်းငယ်ထည့်ချက်ပါ။ ဆား၊ ကြက်သားမှုန့်တို့ကို အရသာအပေါ်မူတည်ပြီး ထည့်လိုက်ပါ။

(6)အာလူးလည်းနူး၊ ကြက်သားလည်း နူးလာပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး မီးဖိုပေါ်ကနေချလိုက်ပါ။

(7) ဆလပ်ရွက်၊ နံနံပင်၊ သခွားသီး၊ မုန်လာဥနီတို့နဲ့ ပုံထဲမှာအတိုင်း အလှဆင်လိုက်ပါ။ ဆလပ်ရွက်အပေါ်ကို ကြက်သားမာလာကိုထည့်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ကြက်သားမာလာ ချဉ်စပ် ဟင်းလေးရရှိမှာဖြစ်ပါတယ်။

မှတ်ချက်၊၊ ။ ။

မာလာဟင်းအနှစ်ကို မိမိစားနိုင်တဲ့ အစပ်ပေါ် အငန်ပေါ်မူတည်ပြီး အနည်းအများ ချိန်ဆ ထည့်နိုင်သည်။

မာလာဟင်းအနှစ်ကလည်း ပုံမှန် ငန်တတ်ပြီး အာလူးကိုလည်း ဆားနဲ့စိမ်ထားသေးသည့်အတွက် ဟင်းချက်သည့်အခါ ဆားထပ်မထည့်ပါနဲ့။

တော်တော်စပ်စပ်လေးမှ စားချင်တယ်၊ မာလာဟင်းအနှစ်ကလည်း သိပ်မစပ်ဘူးဆိုရင် ငရုတ်သီးမှုန့် (သို့) ငရုတ်သီးစိမ်းထပ်ထည့်နိုင်ပါသည်။