အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး ရှုးရှုးရှဲရှဲနဲ့ ထမင်းစားမြိန်စေမယ့် တို့ဖူးချဉ်ချဉ်စပ်စပ် ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။ စာဖတ်သူတို့အားလုံးလည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • တို့ဖူး တစ်ထုပ်
  • ဝက်သား တောက်တောက်စဉ်း အနည်းငယ် (အမဲသားလည်း သုံးလို့ရပါတယ်။)
  • ကြက်သွန်နီတစ်ခြမ်း ခပ်ပါးပါးလှီးပါ
  • ကြက်သွန်ဖြူကို ခပ်ပါးပါးလှီးပါ
  • ကြက်သွန်မြိတ်အနည်းငယ် ခပ်ပါးပါးလှီးပါ

  • ငရုတ်ပွသီး အစိမ်းသီး အနည်းငယ်
  • ငရုတ်ပွသီးအနီသီးအနည်းငယ်
  • ဆီ
  • ကိုရီးယား ငရုတ်သီးမှုန့် (ရိုးရိုးငရုတ်သီးမှုန့်လည်းသုံးနိုင်ပါတယ်) စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကိုရီးယား ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး အသီးအရွက်တွေနဲ့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်လိုက်ပါ။

တို့ဖူးကို အတုံးလေးတွေလှီးလိုက်ပါ။

အိုးကိုအပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို သေချာရောပြီး ဆီသတ်လိုက်ပါ။

အသားထည့်ပြီး ၂ မိနစ် ၃ မိနစ်လောက်မွှေလိုက်ပါ။

သကြား၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်တို့ကိုထည့်ပြီး သေချာမွှေလိုက်ပါ။

ငရုတ်ပွသီးတွေကိုထည့်လိုက်ပါ။ အနည်းငယ်နူးတဲ့အထိ ချက်ပေးရပါမယ်။

ပြီးရင်တော့ ရေ ၁ ခွက်ခွဲ ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်ထားပါ။

ဆူပြီဆိုရင်တော့ တို့ဖူးထည့်လိုက်ပါ။ ခဏလောက်ထားထားလိုက်ပါ။ နှမ်းဆီ နည်းနည်းနဲ့ ကော်မှုန့်နည်းနည်းထည့်ပါ။ မိနစ် အနည်းငယ်ထားပြီး ချလို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar