ငနီတူခြောက် ကို ငသဲခြောက် လို့လဲ ခေါ်ပါတယ်။ ငပလီ အလည်တစ်ခေါက်သွားတုံးက စားဖြစ်ခဲ့သော ဟင်းပွဲလေးပါ။ မစည် ကတော့ မရမ်းသီး နဲ့ လက်ရာ အသစ်လေး ပြန်လည်ဆန်းသစ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ငနီတူခြောက် – ၂ ကျပ်ခွဲသား (လှော်ပြီးသား)

မရမ်းသီးစိမ်း – ၃ လုံး ( အခွံခွာပြီး ထောင်းထားပါ)

ကြက်သွန်နီ – ၁ လုံး ( အကွင်းလိုက်လေး ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ – ၁ မွှာ (ထောင်းထားပါ)

နံနံပင် – ၃ ပင် ( အရွက်တွေချွေပြီး အရိုးကို ထောင်းထားပါ)

ငပိစိမ်းစား – ၁ ဇွန်း လက်ဖက်ဇွန်း (မီးဖုတ်ထားပါ)

ငရုတ်သီးစိမ်း – ၃ တောင့် (ထောင်းထားပါ)

ကြက်သားမှုန့် – ၁ ဇွန်း လက်ဖက်ဇွန်း

သခွားသီး – ၁ လုံး အလုံးသေး (အကွင်းလိုက်လေးတွေ လှီးထားပါ)

ပြင်ဆင်ချက်ပြုတ်နည်း

ငနီတူ များကို အနည်းငယ်ကျွတ်အောင်လှော်ပါ။

ငရုတ်သီးစိမ်း၊ မီးဖုတ်ထားသော ငပိစိမ်းစား၊ နံနံပင်ရိုး နှင့် ကြက်သွန်ဖြူ များ အားလုံးထည့်ထောင်းပါ။

ဇလုံးထဲ ထောင်းထားသော ပစ္စည်းများ နှင့် ကျန်ရှိနေသော ပစ္စည်းများ အားလုံးထည့်နယ်ပါ။ နှံ့အောင်နယ်ပြီးလျှင် စားမြည်းပြီး အချဉ်အငံအစပ် လိုတာထပ်ဖြည့်ပါ။

Credit: Syi Lwin Foods Garden