မနက်ခင်းကို ထမင်းလေး စားလိုက်ရမှ ကျေနပ်တဲ့ လူတွေရှိကြပါတယ်။ မနက်ခင်းစာဟာ တစ်နေ့တာလုံး အတွက် အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ကိုယ်နှစ်သက်တဲ့ အစားအစာတွေနဲ့ နေ့တစ်နေ့ကို စတင်တာ အကောင်းဆုံးပါပဲ။ ဒီနေ့ မနက်ခင်းမှာတော့ တိုဖူးသုပ်နဲ့ ထမင်း စားရင် ကောင်းမယ်လို့ ထင်တာကြောင့် အိမ်မှာပဲ တိုဖူးလေး ကြိုပြီး သုပ်စားဖြစ်ပါတယ်။ တိုဖူးသုပ်ဖို့ဟာ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွေ ပြည့်ဝတဲ့ အစားအစာမို့ အာဟာရ အနေနဲ့လည်း ကောင်းမွန်တဲ့ အစားအစာပါ။

ဈေးကနေ ကြိုပြီးသား တိုဖူးကို ဝယ်ရင်တော့ ပိုလွယ်ကူစေပါတယ်။ အိမ်မှာ ကြိုမယ်ဆိုရင်တော့ ပဲစိမ်းမှုန့်ကို အစေ့တွေ မကျန်အောင် ရေနဲ့ အရင်ဆုံးဖျော်ပြီး နနွင်းနည်းနည်းထည့်ပါ။ တိုဖူးအရောင် လှစေဖို့ပါ။ ပြီးရင်တော့ မီးအေးအေးနဲ့ ပျစ်လာတဲ့ အထိ ကြိုပေးပါ။

tofu

တိုဖူးသုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

– တိုဖူး
– ကြက်သွန်နီ ၁လုံး
– နံနံပင် အနည်းငယ်
– ဆီချက်

– ပဲမှုန့်
– ပုဇွန်ခြောက်မှုန့်
– ငါးငံပြာရည်
– မန်ကျည်းချဉ်

tofu

– ကျိုထားတဲ့ တိုဖူးတွေကို သုပ်ဖို့ အတွက် အရင်ဆုံး လှီးထားပါ။
– ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ဆီချက်ချက်ဖို့ အတွက်နဲ့ သုပ်ဖို့ အတွက် နည်းနည်းပိုလှီးပါ။
– ဆီချက်ဖို့ အတွက် ဆီအနည်းငယ်ကို ဆူအောင်တည်ပြီး နနွင်းနဲ့ ကြက်သွန်နီ ထည့်ပြီး ချက်ပါ။

tofu salad
– ပါဝင်ပစ္စည်းတွေ အားလုံးကို လိုသလောက်ထည့်ပြီး နယ်ရုံပါပဲ။ ကဲ ဘယ်လောက် လွယ်ကူပါသလဲ။ အခု ပြထားတဲ့ ပမာဏအတွက်ဆိုရင်တော့ ငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း၊ မန်ကျည်းရည် ထမင်းစားဇွန်း ၁ဇွန်း၊ ပုဇွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆီချက် ထမင်းစားဇွန်း ၁ဇွန်း ထည့်ပြီး နယ်ပါ။
– နံနံပင်လေးကို ပါးပါးလှီးပြီး အပေါ်ကနေ ဖြူးပါ။